အာဖဂန်နစ္စတန်ကို အကြမ်းဖက်အဖွဲ့တွေ ခိုလှုံရာနေရာအဖြစ် အသုံးမချနိုင်အောင် ကမ္ဘာ့နိုင်ငံတွေ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ကုလ တိုက်တွန်း

အာဖဂန်နစ္စတန်ကို အကြမ်းဖက်အဖွဲ့တွေ ခိုလှုံရာနေရာအဖြစ် အသုံးမချနိုင်အောင် ကမ္ဘာ့နိုင်ငံတွေ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ကုလ တိုက်တွန်း

ဩဂုတ် ၁၇

အာဖဂန်နစ္စတန်နိုင်ငံရှိ “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် ခြိမ်းခြောက်မှု” နဲ့ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတွေ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းတိုက်ဖျက်သွားကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သြဂုတ် ၁၆ ရက်မှာ တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

စစ်ဘေးဒဏ်ခံထားရတဲ့ နိုင်ငံကို တာလီဘန်တို့ သိမ်းပိုက်ထိန်းချုပ်သွားခဲ့ပြီးနောက် ကုလသမဂ္ဂက အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ရာမှာ အာဖဂန်နစ္စတန်ကနေ ထွက်ပေါ်လာနိုင်တဲ့ အကြမ်းဖက်မှု ခြိမ်းခြောက်မှုအန္တရာယ်နဲ့ပတ်သက်လို့ ကုလအကြီးအကဲက အထက်ပါအတိုင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အာဖဂန်နစ္စတန်နိုင်ငံကို အကြမ်းဖက်အဖွဲ့အစည်းတွေအတွက် ဘေးကင်းတဲ့ ခိုလှုံရာနေရာတစ်ခု ဒါမှမဟုတ် ပလက်ဖောင်းတစ်ခုအဖြစ် ဘယ်တော့မှထပ်ပြီး အသုံးမပြုနိုင်စေဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က စည်းလုံးညီညွတ်စွာ လုပ်ဆောင်ရပါလိမ့်မယ်” လို့ ဂူတာရက်စ်က နယူးယော့ခ် ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

တာလီဘန်တွေ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်က ကဘူးလ်မြို့ထဲ ဝင်လာခဲ့ပြီး အာဖဂန်သမ္မတ အာရှ်ရက်ဖ် ဂါနီ နိုင်ငံထဲကနေ ထွက်ပြေးသွားခဲ့ပြီးနောက်ပိုင်း ကုလဌာနချုပ်မှာ အရေးပေါ်အစည်းအဝေးတစ်ခုကို အားချင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

“အတူတကွ ရပ်တည်၊ လုပ်ဆောင်၊ အရေးယူ‌ဆောင်ရွက်ကြဖို့အတွက် ကျွန်တော့်အနေနဲ့ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကို ပန်ကြားချင်ပါတယ်” လို့ ဂူတာရက်စ်က ပြောခဲ့ပါတယ်။

အာဖဂန်နစ္စတန်က ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှုကို တိုက်ဖျက်နိုင်ဖို့အတွက် နိုင်ငံတွေအနေနဲ့ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကို သုံးသွားဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အာဖဂန်မှာ အခြေခံ လူအခွင့်အရေးတွေကို လေးစားလိုက်နာခံရစေဖို့အတွက် အာမခံချက် ရ‌အောင် လုပ်ကြဖို့ကိုလည်း ၎င်းက ပန်ကြားသွားခဲ့ပါတယ်။
အာဖဂန်နစ္စတန်မှာ နှစ် ၂၀ ကြာ စစ်ပွဲတစ်ခု မြန်မြန်ဆန်ဆန် အဆုံးသတ်ပြီးနောက် အောင်ပွဲရ တာလီဘန်တွေ ကဘူးလ်မြို့ထဲ ကင်းလှည့်နေခဲ့ချိန် ခုလိုမျိုး ဂူတာရက်စ်ရဲ့ ပြောစကား ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အာဖဂန်နစ္စတန်မှာတော့ တာလီဘန်တို့ရဲ့ အုပ်ချုပ်မှုကို စိုးရိမ်ထိတ်လန့်ပြီး လူ‌ထောင်နဲ့ချီတို့ဟာ နိုင်ငံကနေ ပြည်ပကို ထွက်ခွာဖို့ ကဘူးလ်လေဆိပ်မှာ စုပြုံ‌ရောက်ရှိနေမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required