ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေ ၅,၀၀၀ တောင်း၊  မတိုင်ပါက စစ်တပ်ခေါ်မည်ဟု အုပ်ကြီးခြိမ်းခြောက်

ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေ ၅,၀၀၀ တောင်း၊  မတိုင်ပါက စစ်တပ်ခေါ်မည်ဟု အုပ်ကြီးခြိမ်းခြောက်

ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းသည် ဧည့်စာရင်းမတိုင်လျှင် စစ်တပ်ခေါ်ပြီး ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်၍ ငွေ ၅,၀၀၀ ကျပ်ဖြင့် ဧည့်စာရင်းတိုင်ရန် ဖိအားပေးနေကြောင်းသိရသည်။

“မနေ့က စစ်ကားသုံးစီးနဲ့ စစ်သားတွေ အယောက် ၃၀ လောက်ခေါ်လာပြီး ရပ်ကွက်ထဲမှာ ဧည့်စာရင်းမလုပ်တဲ့သူတွေ ဖမ်းမယ်ဆီးမယ်နဲ့ ခြိမ်းခြောက်တယ်။ ဒီနေ့ကျတော့ စာအုပ်နှစ်အုပ်ဝယ်ပြီး သူ့ကိုတစ်အုပ်ပေးရတယ်၊ ပြီးတော့ တံဆိပ်တုံးထု၊ လက်မှတ်ထိုးသွားပြီး ငွေ ၅၀၀၀ တောင်းသွားတယ်၊ ခုလိုမျိုး စားဝတ်နေရေး ကျပ်တည်းနေတဲ့အချိန် ဒီလိုလုပ်တာတော့ တော်တော်တရားလွန်တယ်” ဟုရပ်ကွက်နေပြည်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ကြံ့ခိုင်ရေးပါတီရပ်ကျေးဥက္ကဌ တာဝန် ထမ်းဆောင်ခဲ့သည့် အသက် ၄၀ အရွယ် ဦးအောင်သန်းကို စစ်ကောင်စီက အုပ်ချုပ်ရေးမှူးခန့်ထားသော်လည်း ရပ်ကွက်နေပြည်သူများက  အသိအမှတ်ပြု လက်ခံကြခြင်းမရှိကြောင်း ပြောသည်။

“သူ့ကို ရပ်ကွက်ထဲကသူတွေ ဘယ်သူမှလက်မခံဘူး၊ သူကပါဝါပြချင်တော့၊ လင်မယားချင်း စကားများတာကအစ စစ်တပ်ခေါ်လား၊ ရဲခေါ်လားလုပ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

လွန်ခဲ့သည့် တစ်လခန့်ကလည်း ယင်းရပ်ကွက်မှ လူငယ်နှစ်ဦးအား လေသနတ်ကိုင်သည်ဟု အကြောင်းပြကာ သတင်းပေးဖမ်းဆီးစေခိုင်းမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ဖမ်းဆီးခံရသူနှစ်ဦးသည် လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေကြောင်း သိရသည့်အတွက် ယင်းအခြေအနေကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly