အိန္ဒိယ Bharat Biotech ဇီဝနည်းပညာကုမ္ပဏီ၏ စက်ရုံတစ်ရုံကို ကိုဗစ်-၁၉ ဆေးဝါးများ ပိုမိုထုတ်လုပ်ရန် မွမ်းမံပြင်ဆင်

အိန္ဒိယ Bharat Biotech ဇီဝနည်းပညာကုမ္ပဏီ၏ စက်ရုံတစ်ရုံကို ကိုဗစ်-၁၉ ဆေးဝါးများ ပိုမိုထုတ်လုပ်ရန် မွမ်းမံပြင်ဆင်

အိန္ဒိယနိုင်ငံ၏ ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Bharat Biotech က ဂူဂျာရတ်ပြည်နယ်၊ အန်ကလယ်ရှဝါမြို့ရှိ Chiron Behring စက်ရုံကို ကိုဗစ်-၁၉ ကာကွယ်ဆေး Covaxin ပိုမိုထုတ်လုပ်ရန် မွမ်းမံ ပြင်ဆင်လိုက်ကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သူများက ပြောကြားသည်။

Chiron Behring စက်ရုံကို ခွေးရူးပြန်ကာကွယ်ဆေးများ ထုတ်လုပ်ရန် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်က တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယင်းစက်ရုံကို Bharat Biotech ကုမ္ပဏီက နာမည်ကျော် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Glaxo Smithkline ထံမှ ၂၀၁၉ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

“ဂူဂျာရတ်ပြည်နယ်။ အန်ကလယ်ရှာမြို့မှာ ကိုဗစ် ကာကွယ်ဆေး Covaxin ထုတ်လုပ်ဖို့ ဆုံးဖြတ်ပြီး လပေါင်းများစွာ အစီအစဉ်တွေ၊ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ စက်ရုံပြင်ဆင်မှုနဲ့ ထုတ်လုပ်ရေးအဆင့်တွေကို ဇွန်လမှာ စတင်ခဲ့ပါတယ်။ ကာကွယ်ဆေးတွေကို စက်တင်ဘာလမှာ ထုတ်လုပ်နိုင်ပါလိမ့်မယ်” ဟု ယင်းလုပ်ငန်းစဉ်းနှင့် နီးစပ်သော အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းစက်ရုံတွင် Bharat Biotech ထုတ်လုပ်ရန် Bharat Biotech ကုမ္ပဏီကို ခွင့်ပြုချက်ပေးလိုက်ကြောင်း အစိုးရက ဩဂုတ်၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“အိန္ဒိယအစိုးရရဲ့ အခုခွင့်ပြုချက်ဟာ ကာကွယ်ဆေးထုတ်လုပ်မှုကို တိုးတက်စေနိုင်ပြီး ကမ္ဘာ့ကာကွယ်ဆေးထုတ်လုပ်မှုမှာ အင်အားတစ်ရပ် ဖြစ်လာစေနိုင်ပါတယ်” ဟု ပြည်ထောင်စု ကျန်းမာရေးဝန်ကြီး မန်ဆူခါမန်ဒါဝီရက ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။

အဆိုပါစက်ရုံမှ လစဉ် ကာကွယ်ဆေး ၆ သန်းနီးပါးကို ထုတ်လုပ်သွားနိုင်ဖွယ်ရှိကာ ယခုနှစ် နောက်ဆုံး ၃ လအတွင်း ၁ လလျှင် Covaxin လုံးရေ သန်း ၆၀ နီးပါး ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားသည်။

လက်ရှိအချိန်တွင် ဟိုက်ဒရာဘတ်မြို့မှ Bharat Biotech ကုမ္ပဏီ၏ စက်ရုံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးအစီအစဉ်အတွက် ဆေးဝါးများကို ပေးအပ်လျှက်ရှိသည်။ ဂူဂျာရတ်ပြည်နယ်မှ စက်ရုံအပြင် Bharat Biotech ကုမ္ပဏီသည် ကာနာတာကာပြည်နယ် မာလာမြို့ရှိ စက်ရုံကိုလည်း Covaxin ကာကွယ်ဆေးများ ထုတ်လုပ်ရန် ပြင်ဆင်လျှက်ရှိသည်။

လက်ရှိတွင် တစ်လျှင် Covaxin ကာကွယ်ဆေး လုံးရေ ၂၅ သန်းထုတ်လုပ်ရာမှ ၅၈ သန်းအထိ တိုးမြှင့်ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly