မန္တလေးမြို့တွင် အိမ်တိုင်ရာရောက် (Mobile Team)စနစ်ဖြင့် အောက်စီဂျင် အခမဲ့ ဖြန့်ဝေမည်

မန္တလေးမြို့တွင် အိမ်တိုင်ရာရောက် (Mobile Team)စနစ်ဖြင့် အောက်စီဂျင် အခမဲ့ ဖြန့်ဝေမည်

ဩဂုတ် ၁၆

အိမ်တိုင်ရာရောက် ရွှေ့လျား(MOBILE Team)စနစ်ဖြင့် အောက်စီဂျင်ကို အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အခြေစိုက် တဝမေတ္တာ အောက်စီဂျင်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် တာဝန်ရှိသူ ဦးဆောင်းချမ်းအေးက မဇ္ဈိမ ကိုပြောသည်။

ယင်း အစီအစဉ်ကို ယခုသြဂုတ် ၁၈ ရက်မှ စတင်ကာ ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျှက်ရှိပြီး၊ တစ်ရက်လျှင် အောက်စီဂျင် လီတာ၄၀ အိုး အလုံးနှစ်ရာဖြင့် ပေးဝေသွားမည်ဟုဆိုသည်။ အောက်စီဂျင်လိုအပ်မှုအပေါ်မူတည်ပြီး ထပ်မံ တိုးချဲ့ပေးဝေနိုင်ရန် စီစဉ်နေကြောင်းလည်းသိရသည်။

“ မိုဘိုင်းတင်းအဖွဲ့ ပြီးတော့ မန္တလေးခရိုင်အတွင်းကို ကားပေါ်ကနေ အိမ်တိုင်း‌စေ့ အောက်စီဂျင် လိုအပ်သူ မှန်သမျှ ရရှိအောင် မိုလ်ဘိုင်းတင်းကားနဲ့ ထွက်ပြီးတော့ ပေးပါမယ်။ အဲဒီမှာ အခမဲ့တောင်းယူလို့ရပါမယ်။ အခု လည်ပတ်နေတဲ့ စက်ရဲ့ ပမာဏထွက်ရှိတဲ့ အပေါ်မူတည်ပြီး တစ်ရက် နှစ်ရက်အတွင်း စထွက်ပါမယ်။ လောလောဆယ် ကားပေါ်မှာ အောက်စီဂျင်အိုး အလုံး ၃၀/၄၀ တင်နိုင်တဲ့ ကားမျိုး တစ်စီးပဲရှိတဲ့ အတွက် ချမ်းမြသာစည်မြို့နယ်ထဲကို အရင်ပတ်ပြီး ပေးပါမယ်။ မန္တလေးတိုင်းတစ်တိုင်းလုးအတွက် နီးစပ်တဲ့ နယ်မြေခံ အသင်းလေးတွေနဲ့ လာယူကြပါ” ဟု၎င်းကဆိုသည်။

ယင်းသို့ ဆောင်ရွက်ရခြင်းသည် ကိုဗစ်ရောဂါကြောင့် အောက်စီဂျင်လိုအပ်နေသူများ အဆင်ပြေစေရန်နှင့် အောက်စီဂျင်လိုအပ်မှုကြောင့် ဖြစ်ပေါ်လာသည့် အဆမတန် ငွေကြေးပေးဝယ်နေရမှုများနှင့် မသမာမှုများ ပပျောက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက အောက်စီဂျင်ရရှိရန် တန်းစီနေသူများကို COVID -19 ကာကွယ်ရေးဥပဒေအရ လူစုခွဲခြင်းများ ရှိနေသောကြောင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို သတင်းပို့မှာပါ ။ဥပမာ ဒီရပ်ကွက်မှာ ပေးတော့မယ်ဆိုရင်တော့ လောလောဆယ် ရပ်ကွက်မှာ တာဝန်ရှိတဲ့သူတွေကို သတင်းပို့မယ်။ မြို့နယ် ဆိုရင်လည်း မြို့နယ်မှာ အုပ်ချုပ်မှုတာဝန်ယူထားတဲ့သူတစ်ဦးကို သတင်းပို့မယ်။ သတင်းပို့လို့မှ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး တားရင်လည်း ကျွန်တော်ကတော့ အောက်စီဂျင်လိုအပ်နေတဲ့ လူထုဆီအရောက် ပို့ရမှာဘဲ။ နောက်တစ်ခုက ကိုဗစ်ဥပဒေနဲ့ ညိစွန်းမှု မရှိအောင် လူစုလူဝေးလည်း မဖြစ်အောင် အိမ်ပေါက်စေ့ ရပ်ပြီးကို ပေးမယ်လို့လည်းစီစဉ်ထားတယ်။ ကျွန်တော်အိမ်ရှေ့ အရောက်လာပါ့မယ်။ စာရင်းတွေသာ ပေးကြပါဆိုပြီး လိုင်းတွေပေါ်က တောင်းလိုက်ပြီး တစ်အိမ်ပြီး တစ်အိမ် တစ်နေကုန်ရင် ကုန်ပါစေ နေ့စဉ်အောက်စီဂျင်ရအောင်ပို့မယ်” ဟု ဦးဆောင်းချမ်းအေး ကရှင်းပြသည်။

မန္တလေးတိုင်း တစ်တိုင်းလုံးအတွက် အောက်စီဂျင်လိုအပ်မည့် ပမာဏမှာ တစ်ရက်လျှင် အလုံးအရေအတွက် ၅,၀၀၀ ဝန်းကျင် ဖြစ်ကြောင်းနှင့် ဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်း အောက်စီဂျင် စက်ရုံတစ်ရုံကို တည်ဆောက်လျှက်ရှိသည်ဟု ၎င်းကဆိုသည်။

တဝမေတ္တာ အောက်စီဂျင်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိပြီး အဖွဲ့ချုပ်တစ်ခုလုံးအတွက် ပရဟိတ လူငယ် ၃၀၀ ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required