ကုလအစီရင်ခံစာအကြောင်း တရုတ်မီဒီယာ၏ သတင်းဖော်ပြမှုတွင် ကမ္ဘာ့ ကာဘွန်ထုတ်လွှတ်မှု အများဆုံးနိုင်ငံ တရုတ်ဖြစ်နေဆဲ ဆိုသည့်အချက်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိ

ကုလအစီရင်ခံစာအကြောင်း တရုတ်မီဒီယာ၏ သတင်းဖော်ပြမှုတွင် ကမ္ဘာ့ ကာဘွန်ထုတ်လွှတ်မှု အများဆုံးနိုင်ငံ တရုတ်ဖြစ်နေဆဲ ဆိုသည့်အချက်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိ

ဥတုရာသီဖောက်ပြန်ပြောင်းလဲမှုအန္တရာယ်က လူသားအားလုံးအတွက် အနီရောင်အဆင့်ကို ရောက်နေပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက သြဂုတ် ၉ ရက်တွင် အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်‌သတိပေးခဲ့ပြီးနောက် တရုတ်နိုင်ငံပိုင်မီဒီယာက ထိုကုလအစီရင်ခံစာအကြောင်း သတင်းရေးသားဖော်ပြခဲ့ရာတွင် ယင်းနိုင်ငံ၏ များပြားလှသော ကာဘွန်ထုတ်လွှတ်မှုများအကြောင်းကို ထည့်သွင်းဖော်ပြရန် ပျက်ကွက်ခဲ့သည်။ ထို့ပြင် ကမ္ဘာ့ကျန်နိုင်ငံအများစုထက် ဆယ်စုနှစ်တစ်စုစာ နောက်ကျပြီး ကာဘွန်ဓာတ်ငွေ့ ကင်းစင်သည့် အခြေအနေသို့ ရောက်ရှိရေး ကြိုးပမ်းမည်ဆိုသည့် သမ္မတ ရှီကျင့်ဖျင်၏ ကတိပြုချက်ကိုလည်း တရုတ်နိုင်ငံပိုင်မီဒီယာ၏ သတင်းဖော်ပြချက်တွင် ထည့်သွင်းထားခဲ့ခြင်း မရှိပေ။

ကုလအစီရင်ခံစာနှင့်ပတ်သက်ပြီး ပေကျင်းကို သစ္စာခံသည့် သတင်းဌာနများက သတင်းရေးသားဖော်ပြခဲ့ကြပြီး ယင်းအစီရင်ခံစာပါ သတိပေးချက်များကို ဖော်ပြခဲ့သလို ‘ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်’ လိုအပ်ကြောင်းလည်း တိုက်တွန်းခဲ့သည်။ သို့သော် ထိုပေကျင်းသစ္စာခံ သတင်းဌာနများ၏ သတင်းရေးသားဖော်ပြမှုများထဲတွင် တရုတ်သည် လက်ရှိအချိန်အထိ ကမ္ဘာပေါ်တွင် ကာဘွန်ထုတ်လွှတ်မှု အများဆုံးနိုင်ငံ ဖြစ်နေသည် ဆိုသည့်အချက်နှင့် ယင်း၏ ထုတ်လွှတ်မှုကို ယခုဆယ်စုနှစ်ကုန်ပိုင်း မတိုင်မချင်း လုံးဝ လျှော့ချသွားရန် ရည်ရွယ်ထားခြင်း မရှိသည်တို့ကို ထည့်သွင်းဖော်ပြမထားခဲ့ပေ။

တရုတ်သတင်းမီဒီယာများ၏ ဖော်ပြမှုအများစုတွင် သိသာပေါ်လွင်စွာဖြင့် ပါဝင်မလာခဲ့သည့် အချက်မှာ ကမ္ဘာ့နိုင်ငံအများစု ကတိပြုထားသည့် ၂၀၅၀ ပြည့်နှစ်တွင် ကာဘွန်ဓာတ်ငွေ့ ကင်းစင်ရေး ရည်မှန်းချက် နှင့် ယင်းနှင့် နှိုင်းယှဥ်လျက် တရုတ်က ၂၀၆၀ ပြည့်နှစ်နောက်ဆုံးထားပြီး ကာဘွန်ထုတ်လွှတ်မှု ကင်းစင်ရေး ရည်မှန်းချက် ထားရှိမှု ကိစ္စပင် ဖြစ်သည်။

တရုတ်၏ ကာဘွန်ထုတ်လွှတ်မှုများနှင့်ပတ်သက်ပြီး ဖော်ပြထားသည့် သတင်းဖော်ပြချက်အနည်းငယ်တွင်လည်း ကာဘွန်ထုတ်လွှတ်မှု လျှော့ချရန် ပေကျင်းအစိုးရ၏ ကြိုးပမ်းလုပ်ဆောင်ချက်များကိုသာ ချီးကျူးထားသည်ကို တွေ့ရပြီး တရုတ်နိုင်ငံသည် အမေရိကန်၊ အိန္ဒိယနှင့် ရုရှား သုံးနိုင်ငံပေါင်းထက် ပိုပြီး နှစ်စဥ် ကာဘွန် ပိုမိုထုတ်လွှတ်နေသည် ဆိုသည့်အချက်ကို ထည့်သွင်းဖော်ပြထားခဲ့ခြင်း မရှိပေ။

ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ကုလအစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း နှစ်စဥ် ပြင်းထန် အပူလှိုင်းများ၊ တိုင်ဖွန်းများ၊ ပင်လယ်ရေ လယ်ဗယ် ငါးပေအမြင့် မြင့်တက်မှု ဆိုသည့် အဆိုးရွားဆုံး စိတ်မှန်းအနာဂတ် ဖြစ်နိုင်ခြေ အနေအထားကို ရှောင်လွဲနိုင်ရန်အတွက် တရုတ်၏ ဆုံးဖြတ်ချက်များသည် အလွန်အရေးပါနေမည် ဖြစ်ရာ ယခုကဲ့သို့ ပြဿနာအပေါ် ပေကျင်းဘက်က မသိကျိုးကျွံပြုနေသည့် အရိပ်လက္ခဏာများက အထူးတလည်ပင် စိုးရိမ်ပူပန်စရာ ကောင်းနေသည်။

ဥပမာအားဖြင့် တရုတ်၏ အကြီးဆုံး နိုင်ငံပိုင်သတင်းစာ China Daily ၏ ဖော်ပြချက်တစ်ခုတွင် ၂၀၅၀ ကာဘွန်ထုတ်လွှတ်မှု ရည်မှန်းချက်အကြောင်း အကျဥ်းမျှသာ ဖော်ပြပြီး ယင်းက အပူချိန်များကို ကူညီထိန်းညှိနိုင်မည်ဟု ပြောထားသော်လည်း ကမ္ဘာ့ကျန်နိုင်ငံအများစု ယင်းနှင့်ပတ်သက်ပြီး ကတိပြုထားသည်ဆိုသည်ကိုမူ ဖော်ပြခြင်း မရှိပေ။

ထို့ပြင် ယင်းသတင်းဌာန၏ သတင်းဖော်ပြချက်ထဲတွင် တရုတ်၏ ၂၀၆၀ ပြည့်နှစ် ကာဘွန်ကင်းစင်ရေးဆိုင်ရာ ကတိကဝတ်အကြောင်း ထည့်သွင်းပါဝင်ခြင်း မရှိသလို တရုတ်သည် လက်ရှိအချိန်တွင် ကမ္ဘာ့ ကာဘွန်ထုတ်လွှတ်မှုအများဆုံး နိုင်ငံများစာရင်း၏ ထိပ်ဆုံးတွင် ရှိနေသည်ဆိုသည့် အချက်ကိုလည်း ထည့်သွင်းထားခဲ့ခြင်း မရှိပေ။

နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီကလည်း အလားတူ သတင်းတစ်ပုဒ်ကို ဖော်ပြထားပြီး ယင်းတွင်လည်း ၂၀၅၀ ရည်မှန်းချက် သို့မဟုတ် တရုတ်၏ ကာဘွန်ထုတ်လွှတ်မှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ပြည့်စုံစွာ ဖော်ပြထားခဲ့ခြင်း မရှိပေ။

ယင်းအစား အဆိုပါသတင်းအေဂျင်စီ၏ ဖော်ပြချက်ထဲတွင် ‘ကမ္ဘာလုံးဆိုင်ရာ အရေးတယူဆောင်ရွက်ချက်’ လိုအပ်ကြောင်းနှင့် ‘ဖွံ့ဖြိုးပြီး နိုင်ငံများ’ အနေဖြင့် ကာဘွန်လျှော့ချရေး အားထုတ်မှုများ တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း အလေးပေး ဖော်ပြထားသည်။

တရုတ်၏ ကာဘွန်ထုတ်လွှတ်မှုများနှင့်ပတ်သက်ပြီး တစ်ခုတည်းသော တိုက်ရိုက် ကိုးကားချက်မှာ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်တို့ ‘ရှေ့သို့ ကြီးမားသည့် ခြေလှမ်းများ လှမ်းထားနိုင်သည်’ ဆိုပြီး ချီးကျူးခဲ့သော ဆွစ်ဇာလန် သိပ္ပံပညာရှင် ဂျီအန် ကက်စ်ပါ ပလက်တ်နာ၏ ပြောစကားတစ်ခုသာ ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ ကမ္ဘာလုံးဆိုင်ရာ ကာဘွန် ပရောဂျက်မှ ဒေတာအချက်အလက်များအရ တရုတ်၏ ကာဘွန်ထုတ်လွှတ်မှုများသည် ၂၀၁၆ ခုနှစ်က ကာဘွန် တန်ချိန် ၂ ဒသမ ၆ ဘီလီယံကနေ ၂၀၁၉ ခုနှစ်တွင် တန်ချိန် ၂ ဒသမ ၇ ဘီလီယံအထိ မြင့်တက်ထားခဲ့ကြောင်းကို ပြသနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly