တရုတ်၌ နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၇ လ အတွင်း အမြင့်ဆုံး ရောက်ရှိခဲ့

တရုတ်၌ နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၇ လ အတွင်း အမြင့်ဆုံး ရောက်ရှိခဲ့

တရုတ်နိုင်ငံ၌ သြဂုတ် ၁၀ ရက်က နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိမှုသည် ခုနစ်လတာအတွင်း အမြင့်ဆုံး အတိုင်းအတာသို့ ရောက်ရှိခဲ့သည်။ ယင်းမတိုင်မီက ဗိုင်းရပ်စ် စစ်ဆေးမှုနေရာတစ်ခုတွင် အစုအဝေးပုံစံ ကူးစက်မှုတစ်ခုကြောင့် နိုင်ငံတွင်း ကူးစက်ခံရသူအရေအတွက်ကို တိုးပွားစေခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ဒယ်လ်တာမျိုးကွဲကလည်း ကပ်ရောဂါထိန်းချုပ်ရေး ပေကျင်း၏ ထိန်းချုပ်လုပ်ဆောင်မှုများအပေါ် စိန်ခေါ်နေသည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက ယင်းနိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ဗိုင်းရပ်စ်ကူးစက်မှု စတင်ပေါ်ထွက်ပြီးနောက်ပိုင်း အကြီးလေးဆုံး အတိုင်းအတာဖြစ်နေသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ လက်ရှိ ကူးစက်ဖြစ်ပွားနေမှုကြောင့် တရုတ်ပြည်တွင်း၌ လော့ခ်ဒေါင်းများ ချမှတ်ခြင်း၊ လူအမြောက်အမြားကို ဗိုင်းရပ်စ် စစ်ဆေးခြင်းနှင့် ခရီးသွားလာမှုအပေါ် ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ခြင်းတို့ကိုလည်း ဖြစ်ပေါ်ထားစေခဲ့သည်။

အာဏာပိုင်များသည် ယင်းမတိုင်မီက ပြည်တွင်း ကူးစက်မှုများကို ဇီးရိုးအထိ ဖြစ်လုနီးပါး ရှိစေရန် ထိန်းချုပ်လုပ်ဆောင်ထားခဲ့ပြီး တင်းကျပ်သည့် နယ်စပ် ပိတ်ပင်ကန့်သတ်ချက်များ ရှိနေခဲ့လင့်ကစား စီးပွားရေးဆိုင်ရာ လည်ပတ်လှုပ်ရှားမှုကို ပြန်လည်သွက်လက်ထားစေနိုင်ခဲ့သည်။

သို့သော်လည်း ကိုဗစ်ကူးစက်မှုအပေါ် လုံး၀ လက်သင့်မခံသည့် ချဥ်းကပ်လုပ်ဆောင်မှုအတွက် ယင်းဘာသာ ဂုဏ်ယူဝံ့ကြွားထားခဲ့သည့် နိုင်ငံတွင် ယခုအခါ ကူးစက်မှုများသည် တစ်ဖန် မြင့်တက်လျက် ရှိသည်။

သြဂုတ် ၁၀ ရက်က ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၁၄၃ ဦး တွေ့ရှိပြီး ၎င်းတို့အနက် ၁၀၈ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း တရုတ် ကျန်းမာရေးအာဏာပိုင်များက ထုတ်ဖော်ခဲ့သည်။

မကြာသေးသည့် ရက်များအတွင်း တွေ့ရှိထားသည့် ကူးစက်မှုဖြစ်စဥ် ဒါဇင်နှင့်ချီတို့သည် အရှေ့ပိုင်း ယန်ကျိုးမြို့ရှိ ကိုဗစ်-၁၉ စစ်ဆေးမှုဆိုဒ်နေရာတစ်ခုနှင့် ဆက်နွယ်ပတ်သက်နေသည်။

ကူးစက်မှုအရေအတွက်သည် အခြားနိုင်ငံတစ်ချို့နှင့်ယှဥ်ပါက အတော်ပင် နည်းနေသော်လည်း ယင်းတို့သည် နိုင်ငံတ၀န်း ကူးစက်ပျံ့နှံ့နေသည် ဖြစ်သည့်အတွက် နိုင်ငံပိုင်မီဒီယာက ယင်းကို ၂၀၁၉ ခုနှစ် ဝူဟန်တွင် ကနဦး ကူးစက်ဖြစ်ပွားမှုနှင့် နှိုင်းယှဥ်ထားခဲ့ခြင်းဖြစ်သည်။

အတော်အတန် သေးငယ်သည့် ကူးစက်ဖြစ်ပွားမှုများအပေါ်တွင်တောင်မှ စိုးရိမ်ပူပန်မှုကြီးနေသည့် လက္ခဏာတစ်ရပ်အဖြစ် အရာရှိအချို့သည် လူအမြောက်အမြားကို ဗိုင်းရပ်စ်စစ်ဆေးမှုပိုင်း စီမံကိုင်တွယ်ပုံ မှားယွင်းညံ့ဖျင်းသည်ဆိုပြီး သတိပေးခံထားခဲ့ရသလို ၎င်းတို့၏ စီမံခန့်ခွဲမှုအလွဲများက ဗိုင်းရပ်စ်ကို ကူးစက်ပျံ့နှံ့စေခဲ့သည် ဆိုပြီး မြို့အာဏာပိုင်များက ပြောထားသည်။

ပါတီဝင်အနည်းငယ်နှင့် ကေဒါတစ်ချို့သည် ၎င်းတို့၏ တာ၀န်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် လိုနေသည်ဆိုပြီး ယန်ကျိုးမြို့ အာဏာပိုင်များက ပြောခဲ့သည်။

လူပေါင်း ၄ ဒသမ ၆ သန်း ခန့် ရှိသည့် ယင်းမြို့သည် လက်ရှိအချိန်အထိ ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှုပေါင်း အကြိမ်ရေ ငါးခုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားခဲ့ပြီးဖြစ်ပြီး ကူးစက်မှုကို ထိန်းချုပ်ကင်းစင်စေရန် ကြိုးပမ်းမှုတစ်ခုအဖြစ် နမူနာပေါင်း ၁ ဒသမ ၆ သန်းကို စုဆောင်းထားခဲ့သည်။

အနီးအနားရှိ နန်းကျင်းမြို့ရှိ လေဆိပ်သန့်ရှင်းရေးဝန်ထမ်းများအကြား ကူးစက်ခံရမှုများက နိုင်ငံတ၀န်း ဗိုင်းရပ်စ် ကူးစက်မှု ကွင်းဆက်တစ်ခုကို ဖြစ်ထားစေခဲ့ပြီးနောက်ပိုင်း ယခု နောက်ဆုံးသော ကူးစက်မှုများ မြင့်တက်မှု စတင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly