ဇမ်ဘီယာ သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် အနိုင်ရ 

ဇမ်ဘီယာ သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် အနိုင်ရ 

ဩဂုတ် ၁၆

အကြွေးဝန်ပိနေပေမယ့် ကြေးနီကြွယ်ဝတဲ့ ဇမ်ဘီယာနိုင်ငံက ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ သမ္မတရွေးကောက်ပွဲမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးနဲ့ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဟက်ကိုင်အင်ဒီ ဟီချီလီမာ အနိုင်ရကြောင်း တနင်္လာနေ့မှာ ကြေညာပါတယ်။ 

မဲဆန္ဒနယ် ၁၅၆ ခုမှာ ၁၅၅ ခုက ရေတွက်ပြီးစီးမှုအရ တရားဝင်မဲရလဒ်မှာ ဟီချီလီမာဟာ မဲပေါင်း ၂၈၁၀၇၅၇ နဲ့ သမ္မတ အက်ဒ်ဂါ လွန်ဂူရဲ့ ရလဒ် မဲ ၁၈၁၄၂၀၁ ထက် အပြတ်အသတ် အသာရထားတာပါ။ 

“ဒီအတွက် ကျွန်တော် ကြေညာရမှာက ဟက်ကိုင်အင်ဒီ ဟီချီလီမာဟာ ဇမ်ဘီယာနိုင်ငံရဲ့ ရွေးကောက်ခံ သမ္မတ ဖြစ်လာခဲ့ပြီ ဆိုတာပါပဲ”လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တရားသူကြီး ချူလူက ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။ 

ယိုယွင်းဆိုးဝါးလာနေတဲ့ လူမှုနေထိုင်မှု အဆင့်အတန်း နောက်ခံမှာ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ အသက် ၅၉ နှစ်ရှိ အတိုက်အခံ နိုင်ငံရေးသမား ဟီချီလီမာဟာ ကာလရှည် ယှဉ်ပြိုင်ခဲ့ရတဲ့ သမ္မတ လွန်ဂူအပေါ် အောင်ပွဲခံလိုက်နိုင်တာလည်း ဖြစ်ပါတယ်။ 

အခုအကြိမ် သမ္မတ ရွေးကောက်ပွဲဟာ ဟီချီလီမာအတွက် ခြောက်ကြိမ်မြောက် ဝင်ပြိုင်တဲ့ ရွေးကောက်ပွဲဖြစ်ပြီး အသက် ၆၄ နှစ်ရှိ တာဝန်ထမ်းဆောင်ဆဲ သမ္မတ လွန်ဂူကို သုံးကြိမ်မြောက် ယှဉ်ပြိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

၂၀၁၆ ရွေးကောက်ပွဲတုန်းက ဟီချီလီမာဟာ လွန်ဂူကို မဲ တစ်သိန်းနီးပါးနဲ့ ပွတ်ကာသီကာ အရေးနိမ့်ခဲ့ရတာပါ။ 

ခြောက်နှစ်တာ ရုံးထိုင်နေတဲ့ သမ္မတ လွန်ဂူဟာ တောင်ပိုင်း အာဖရိက တိုင်းပြည် ဇမ်ဘီယာနိုင်ငံမှာ နေထိုင်စားသောက်ရေး စရိတ်စကတွေ မြင့်တက်တာနဲ့ သဘောထားကွဲလွဲသူတွေအပေါ် ဖြိုခွင်းတာတွေကြောင့် မကျေနပ်ချက်တွေ ကြီးထွားနေတဲ့ကြားမှာ ရွေးကောက်ပွဲ ဝင်ပြိုင်ရတာပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က မဲပေးပွဲမှာ ဟီချီလီမာဟာ သူနဲ့ အကြီးဆုံး အတိုက်အခံပါတီ United Party for National Development UPND ပါတီရဲ့ နဖူးစည်းစာတမ်းအောက် အတိုက်အခံပါတီ ဆယ်ပါတီက ထောက်ခံမှု ပြုခဲ့ကတည်းက ဝမ်းမြောက်ပျော်ရွှင်ခဲ့ရတာပါ။ 

ရွေးကောက်ပွဲ အနိုင်ရသူကို မကြေညာရသေးခင်မှာပဲ သမ္မတ လွန်ဂူဟာ ပြစ်တင်ထိုးနှက် ပြောဆိုလာခဲ့ပြီး ဟီချီလီမာရဲ့ အစဉ်အလာ အမာခံနယ်မြေမှာ အကြမ်းဖက်မှုတွေ ဖြစ်တာကြောင့် ဒီ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ ပြောဆိုလာခဲ့ပါတယ်။ 

သူ့ပါတီက မဲကိုယ်စားလှယ်တွေဟာ တိုက်ခိုက်ခံရပြီး မဲရုံတွေကနေလည်း မောင်းထုတ်ခံရတယ်လို့ လွန်ဂူက စွပ်စွဲပြီး သမ္မတရုံးကနေတစ်ဆင့် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါပေမဲ့ မဲရေတွက်နေဆဲမှာတောင် မြို့တော် လူဆာကာက လမ်းတွေမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပြီး ဟီချီလီမာရဲ့ နေအိမ်အပြင်ဖက်မှာလည်း လူရာဂဏန်းအချို့ဟာ ပါတီအလံတွေ ဝှေ့ယမ်းလို့ စုရုံးကြသလို ကခုန်ကြတဲ့သူတွေနဲ့ ကားဟွန်းတွေ တီးကြသူတွေဟာ အောင်ပွဲခံကြကြောင်း အေအက်ဖ်ပီသတင်းထောက်က မြင်တွေ့ခဲ့ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly