အတိုက်အခံတွေ အစဖျောက်ခံရမှုတွေအတွက် ဘင်္ဂလားဒေ့ရှ်ကို ဒဏ်ခတ်ပိတ်ဆို့ရန် ကုလသဂ္ဂအား တိုက်တွန်း 

အတိုက်အခံတွေ အစဖျောက်ခံရမှုတွေအတွက် ဘင်္ဂလားဒေ့ရှ်ကို ဒဏ်ခတ်ပိတ်ဆို့ရန် ကုလသဂ္ဂအား တိုက်တွန်း 
Photo - AFP

ဩဂုတ် ၁၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေ အစဖျောက်ခံနေရတာတွေ ရှိနေတယ်ဆိုတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က တနင်္လာနေ့မှာ တိုက်တွန်းရင်း အပြစ်မကင်းတာ တွေ့ရှိတဲ့ တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။ 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ စီးပွားရေးသမားတွေနဲ့ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ ကျောင်းသားအဖွဲ့ဝင်တွေ ပျောက်ကွယ်ပျောက်ဆုံးတဲ့ ဦးရေဟာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ၈၆ ဦး ရှိတယ်လို့ HRW က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ 

အခုလို အတိုက်အခံတွေ ပျောက်ဆုံး ပျောက်ကွယ်မှုတွေဟာ ၂၀၀၉ ခုနှစ်ကစလို့ ဝန်ကြီးချုပ် ရှိတ် ဟာစီနာ အုပ်ချုပ်မှုရဲ့ ဝိသေသတစ်ရပ် ဖြစ်နေပြီး လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဝေဖန်မှုတွေကို ကန့်လန့်ကာ ပိတ်ဆို့ပစ်နေတာပဲ ဖြစ်တယ်ဆိုပြီး HRW က ဆိုပါတယ်။ 

“အတိုက်အခံတွေ ပျောက်ဆုံးနေနေရတာဟာ အစဖျောက်မှုမျိုးများ ဖြစ်နေမလားဆိုတဲ့ စွပ်စွဲချက်တွေ ဖြစ်စေတယ်၊ ဒါကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မျက်ကွယ်ပြုထားပြီး ခုလို မတရားသဖြင့် ပြုကျင့်တာတွေမျိုးကို အပြစ်မပေးဘဲတောင် ဟပေးထားတယ်”လို့ HRW ရဲ့ တောင်အာရှရေးရာ အထူးကျွမ်းကျင်သူ ဂန်ဂူလီက အေအက်ဖ်ပီကို ပြောပါတယ်။ 

အတိုက်အခံတွေ ပျောက်ဆုံး ပျောက်ကွယ်မှုတွေမှာ များစွာ လက်စလက်န ပါဝင်ကျူးလွန်နေတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အထူးရဲတပ်ဖွဲ့ Rapid Action Battalion က အဖွဲ့ဝင်တွေကို ‘ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့’ဖို့ HRW က တောင်းဆိုပါတယ်။ 

ဘင်္ဂလားဒေ့ရှ် အစိုးရရယ်၊ တရားမဲ့ သတ်ဖြတ်ခြင်းတွေ အပါအဝင် လူ့အခွင့်အရေး နိုင်ထက်စီးနင်းမှုတွေအတွက် အတိတ်က စွပ်စွဲခံရတဲ့ Rapid Action Battalion အထူးရဲတပ်ဖွဲ့တို့ဖက်ကတော့ ထင်မြင်ချက် တစ်စုံတစ်ရာ ပြောဆိုလာခြင်း မရှိပါ။ 

ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၆၀၀ လောက် ရှိပြီး ပြန်လည်လွတ်လာပြီးနောက်မှာ အားလုံးဟာ ဝေဖန်သံ ဟဖို့တောင် အရမ်းကို ကြောက်ရွံ့သွားကြတယ်လို့ အခြား လူ့အခွင့်အရေးအုပ်စုတွေကလည်း ပြောပါတယ်။ 

၂၀၂၁ ပထမနှစ်ဝက်မှာတင် အစဖျောက်ခံရတဲ့ ပုံစံမျိုးနဲ့ ပျောက်ဆုံး ပျောက်ကွယ်နေသူ ၁၆ ဦး ရှိတယ်လို့ Odhikar စောင့်ကြည့်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required