ရိက္ခာပြန်ယူသည့် အမျိုးသား၄ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်သေး

ရိက္ခာပြန်ယူသည့် အမျိုးသား၄ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်သေး

ဩဂုတ် ၁၆

ရွာထဲသို့ရိက္ခာ၀င်ယူသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရွာ ဒေသခံ စစ်ဘေးရှောင် အမျိုးသားလေးဦးကိုအကြမ်းဖက်စစ်ကောင်စီက ဩဂုတ် ၁၄ ရက်တွင် ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်သေးကြောင်း စစ်ဘေးရှောင် တာ၀န်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

"ရိက္ခာပြန်ယူတဲ့ စစ်ရှောင်လေးယောက်ကို လမ်းမှာစစ်ကောင်စီတွေကဖမ်းပြီး လူသားဒိုင်းလုပ်တယ်။ ၁၅ နှစ်အရွယ် ကလေးတစ်ယောက်လဲပါတယ်။ အခုထိပြန်မလွှတ်ပေးသေးဘူး။ သူတို့ရိက္ခာ၀င်ယူတာ မိသားစုနဲ့တောင်မတွေ့လိုက်ရဘူး။ အသွားမှာဖမ်းတာ"ဟု ၎င်းကပြောသည်။

ကယားပြည်နယ် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရွာများတွင် တိုက်ပွဲများ ယခုရက်ပိုင်းအတွင်းပြင်းထန်လာပြီး ဒေါကလဲရွာ၊ ထီးပိုကလိုရွာနှင့် ရွာအချို့က ဒေသခံဦးရေ ၃,၀၀၀ ကျော်သည် စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်း‌ရှောင်နေရပြီး အများစုမှာ ၀မ်းပျက်၀မ်းလျှောဖြစ်နေကြောင်း စစ်ဘေးရှောင်တာ၀န်ခံများထံမှ သိရသည်။

ယမန်နေ့ ဩဂုတ် ၁၅ ရက်တွင် ရှမ်းကယားနယ်စပ် ဖယ်ခုံနှင့်မိုးဗြဲကြား၌ စစ်တပ်အင်အားအပြည့်ဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ကို KNDF က ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဖယ်ခုံမြို့နယ်၊ ပြင်ပုံကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး လက်နက်ကြီးများဖြင့် KNDF တပ်ဖွဲ့ရှိသည့်ဘက်သို့ တစ်‌နေကုန်လှမ်းပစ်သည်ဟု သိရကြောင်း တိုးတက်သောကရင်နီပြည်သူအင်အားစု (PKPF)က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly