တစ်ဦးတည်း ကျန်တော့တဲ့ ခမာနီ ထိပ်ပိုင်းခေါင်းဆောင်က လူမျိုးတုံးသတ်ဖြတ်မှု ပြစ်ဒဏ်အတွက် အယူခံဝင် 

တစ်ဦးတည်း ကျန်တော့တဲ့ ခမာနီ ထိပ်ပိုင်းခေါင်းဆောင်က လူမျိုးတုံးသတ်ဖြတ်မှု ပြစ်ဒဏ်အတွက် အယူခံဝင် 

ဩဂုတ် ၁၆

ကမ္ဘောဒီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်က ခမာနီ အစိုးရ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရတာကို နောက်ဆုံး အသက်ရှင်ကျန်ရစ်နေသေးဆဲ အကြီးတန်း ခမာနီ ခေါင်းဆောင်ဟောင်းက အယူခံဝင်ကြောင်း သိရပါတယ်။ 

‘ညီနောင် နံပါတ် ၁’ ပိုပေါ့ ဦးဆောင်တဲ့ ခမာနီအစိုးရ လက်ထက်မှာ ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်အတွင်း အလုပ်နင်းကန်ခိုင်းစေတာ၊ အစာရေစာပြတ်လပ်တာနဲ့ လူအစုပြုံလိုက် သေဒဏ်ပေးကွပ်မျက်တာတွေကြောင့် ကမ္ဘောဒီးယား ပြည်သူ နှစ်သန်းလောက်နီးပါး သေဆုံးခဲ့ကြရပါတယ်။ 

ခမာနီ အစိုးရ ခေါင်းဆောင်ဟောင်း ကီရူးဆမ်းဖန်ဟာ လူနည်းစု ဗီယက်နက် တိုင်းရင်းသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုအတွက် ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာအတွက် တနင်္လာနေ့မှာ အယူခံဝင်တာ ဖြစ်ပါတယ်။ 

သူဟာ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ‘ညီနောင် နံပါတ် ၂’ နူယန်းချီယာနဲ့အတူ ပြစ်ဒဏ်စီရင်ခံရတာ ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အတင်းအကြပ် လက်ထပ်စေတာနဲ့ အဓမ္မပြုကျင့်တာတွေ အပါအဝင် ရာဇဝတ်မှု အမြောက်အမြားအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ကြရတာပါ။ 

ခမာနီတပ်တွေက မြို့တော်က ပြည်သူများစွာကို နယ်စွန်နယ်ဖျားတွေဆီ မောင်းထုတ်ခဲ့တဲ့ ၁၉၇၅ ခုနှစ် ဧပြီလက ဖနွမ်းပင် လူအစုအပြုံလိုက် ထွက်ခွာမှုကြီးကို အကြမ်းဖက်ဆောင်ရွက်တဲ့ လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေအတွက် သူတို့ နှစ်ဦးကို ၂၀၁၄ မှာ ကုလသမဂ္ဂ ကျောထောက်နောက်ခံတဲ့ တရားရုံးက လက်ဦးမှာ သေဒဏ်ချမှတ်ခဲ့တာပါ။ 

၂၀၁၉ မှာ နူယန်းချီယာ သေဆုံးခဲ့တဲ့နောက် ကီရူးဆမ်းဖန်ဟာ တစ်ယောက်တည်း ကျန်ရစ်တဲ့ ခမာနီခေါင်းဆောင်အနေနဲ့ အခု သမိုင်းဝင် စီရင်ချက်ကို ရင်ဆိုင်နေရတော့တာပဲ ဖြစ်ပါတယ်။ 

ပြစ်ဒဏ်စီရင်ချက်ကို ပယ်ဖျက်ပေးဖို့ ကမ္ဘောဒီးယား တရားရုံးများ အထူး တရားသူကြီးများအဖွဲ့ ECCC ထံ ကီရူးဆမ်းဖန်ရဲ့ တရားခံရှေ့နေအဖွဲ့က တိုက်တွန်းထားပါတယ်။ 

“လူမျိုးတုံးသတ်ဖြတ်မှုကနေ ကီရူးဆမ်းဖန်ကို တရားသေလွှတ်ပေးဖို့ တရားရုံးကို ကျွန်တော်တို့ တိုက်တွန်းသွားမှာပါ”ဆိုပြီး သူ့ ရှေ့နေ ကောင်းဆမ်က အေအက်ဖ်ပီကို ပြောထားပါတယ်။ 

အယူခံကြားနာမှုကို တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ဆောင်ရွက်သွားမှာဖြစ်ပြီး ကိုဗစ်-၁၉ ကန့်သတ်ချက်ကြောင့် တရားသူကြီးတွေဟာ ပင်မခန်းမှာနေပြီး ကီရူးဆမ်းဖန်နဲ့ ရှေ့နေအဖွဲ့ကတော့ သီးခြားခန်းကနေ အမှုစီရင်ကြားနာသွားမှာ ဖြစ်တယ်လို့ ခုံရုံး ပြောခွင့်ရသူ နက်ရှ်ပီယက်ထရာက ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly