ဘန်ကောက်မှာ လူထောင်ချီ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး ထိုင်းဝန်ကြီးချုပ်ကို ဆန့်ကျင်ဆန္ဒပြ

ဘန်ကောက်မှာ လူထောင်ချီ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး ထိုင်းဝန်ကြီးချုပ်ကို ဆန့်ကျင်ဆန္ဒပြ
Photo - AFP

ဩဂုတ် ၁၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထဲမှာ သြဂုတ် ၁၅ ရက်က ဆန္ဒပြသူ ထောင်နဲ့ချီဟာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ စုဝေးလှည့်လည်ခဲ့ကြပြီး ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ပရာယွတ် နှုတ်ထွက်ရေး တောင်းဆိုဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ လက်ရှိကာလမှာ အဆိုးရွားဆုံး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနဲ့ ရင်ဆိုင်လုံးပန်းနေရပြီး သီတင်းပတ်တစ်ပတ်စီတိုင်းမှာ နေ့အလိုက် ကူးစက်မှုပိုင်း စံချိန်တင် တွေ့ရှိထားခဲ့ကာ ဆေးရုံတွေမှာလည်း နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

ယင်းနိုင်ငံမှာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၀၇,၀၀၀ ဦးကျော်နဲ့ သေဆုံးသူ ၇,၅၅၁ ဦး ရှိနေပါတယ်။

ကာကွယ်ဆေး ဖြန့်ကျက်မှုပိုင်း နှေးကွေးလေးလံနေမှု၊ သီတင်းပတ်တွေနဲ့ချီ စီးပွားရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ပိတ်ပင်ချက်တွေထားရှိခဲ့မှုကြောင့် ဘဏ္ဍာရေး အခက်အခဲတွေ ကြုံတွေ့ရမှုတို့ကြောင့် ပရာယွတ် အစိုးရအပေါ် အမျက်ဒေါသထွက်မှုတွေ ကြီးထွားနေခဲ့ပါတယ်။

သြဂုတ်လ ၁၅ ရက်မှာတော့ ဆန္ဒပြသူ ထောင်ချီဟာ ဘန်ကောက်မြို့တွင်း အနည်းဆုံး စုဝေးမှုသုံးခုမှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ပါဝင်လှည့်လည်ခဲ့ကြပြီး ဘန်ကောက်ရဲ့ ရှော့ပင်းမောလ်တွေအနီးမှာ စုဝေးမှုကတော့ အကြီးဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ပရာယွတ် အတွက် အချိန်စေ့သွားပါပြီ၊ ဒီအစိုးရဟာ နိုင်ငံမှာ ဘယ်လိုဆုံးရှုံးမှုတိုင်းမဆိုအတွက် တာဝန်ယူသွားမှာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသထားပြီးပါပြီ” လို့ ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာနဲ့ ပတ်သက်မှုရှိတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ နက်တာဝပ် ဆိုင်ကူအာက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း မြို့တော်ဘန်ကောက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ပြီး ရဲတွေဘက်က ရာဘာကျည်၊ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲတာတွေ ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly