အလုပ်သွားချိန် စစ်ကောင်စီခန့် အုပ်ကြီးရုံးရှေ့ ဖြတ်မိ၍ ကင်းစောင့်သူများ ရိုက်နက်ခြင်းကြောင့် လူငယ်သေဆုံး

အလုပ်သွားချိန် စစ်ကောင်စီခန့် အုပ်ကြီးရုံးရှေ့ ဖြတ်မိ၍ ကင်းစောင့်သူများ ရိုက်နက်ခြင်းကြောင့် လူငယ်သေဆုံး

ဩဂုတ်လ ၁၅ ရက်

 

ရန်ကုန်တိုင်း၊လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်မှ အသက် ၃၀ အရွယ် လူငယ်တစ်ဦးအား စစ်ကောင်စီခန့်အုပ်ချုပ်ရေးရုံးရှိကင်းစောင့်သူများမှ ဝိုင်းရိုက်နှက်သည့်အတွက် သေဆုံးသွားကြောင်း မိသားစု၀င်ထံမှသိရသည်။

ဩဂုတ် ၁၃ ရက်တွင် သေဆုံးသူ ဟန်ဇော်ထွန်းသည် မနက်အစောပိုင်း အလုပ်သို့သွားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဖြတ်သွားနေစဉ် ကင်းစောင့်သူများကရိုက်နှက်ခြင်းကြောင့် နှောက်စေ့ပွင့်ကာ သေဆုံးရခြင်းဖြစ်ကြောင်း မိသားစု၀င်တစ်ဦးက မဇ္ဈိမကိုအတည်ပြုသည်။

“ကောင်လေးက ငရုပ်သီးချွေတဲ့အလုပ်လုပ်တယ် မနက်အစောကြီး ထသွားတာ၊ ရုံးကကင်းစောင့်သူတွေနဲ့တွေ့ပြီး ခုလိုဖြစ်သွားတာ၊ ကောင်လေးက နည်းနည်းတော့စိတ်မနှံ့ဘူး၊အရမ်းဆိုးဆိုးရွားရွားကြီးတော့မဟုတ်ပါဘူး၊ အလုပ်လဲလုပ်နိုင်တယ်၊ မိန်းမလည်းရှိတယ်၊” ဟုသေဆုံးရသည့်ဖြစ်စဉ်ကို ရှင်းပြသည်။

မိသားစု၀င်မှ ပေးပို့လာသည့် သေဆုံးသူရုပ်အလောင်းဓာတ်ပုံတွင် လက်မောင်း၊ နောက်ကျောနှင့် ဦးခေါင်းနောက်ပိုင်းတွင် ကြီးမားသည့် ဒဏ်ရာများ တွေ့ရသည်။

မိသားစု၀င်များမှ ရဲစခန်းသို့ သွားရောက်ရုပ်အလောင်းသယ်ထုတ်ချိန်တွင် အုပ်ချုပ်ရေးမှူးရုံးကင်းစောင့်ရာနေရာတွင် ရေဝင်သောက်ရာက ရောဂါကြောင့်သေဆုံးသွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၀င်များက မိသားစု၀င်များအား တုန့်ပြန်ပြောဆိုထားသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ယမန်နေ့နေ့လယ်တွင် ထိန်ပင်သုဿာန်တွင် သင်္ဂြိုလ်လိုက်ကြောင်းသိရသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ်ဦးရဲထွန်းနှင့်အဖွဲ့သည် မိသားစုဝင်များသို့ နစ်နာကြေးပုံစံဖြင့် ငွေနှစ်သိန်းခန့်ပေးမည်ဟု နုတ်ကတိပေးခဲ့ကြောင်းသိရသည်။

“ သူတို့အဖွဲ့က ငွေတစ်သိန်းနှစ်သိန်းလောက်ပေးမယ်ဆိုပြီး ဖြစ်တဲ့နေ့ကပြောတယ်၊ နောက်ရက်ကျတော့ ရိုက်တဲ့သူတွေကို အချုပ်ထဲထည့်ထားပြီ ဆိုပြီး ဒီငွေလည်းမရနိုင်တော့ဘူးပြောတယ်” ဟုမိသားစုဝင်ကဆိုသည်။

ထိုသို့ ‌နှစ်နာကြေးအဖြစ် ငွေကြေးထောက်ပံ့ပေးမည်ဟု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမှ နုတ်ကတိပေးခဲ့သော်လည်း ရက်ပိုင်းအတွင်း ရိုက်နက်သူများအား ဖမ်းချုပ်လိုက်ပြီးဟု အကြောင်းပြကာ မိသားစု၀င်ထံငွေထောက်ပံ့ပေးမည့်အစီစဉ် ပျက်ပြယ်သွားခဲ့ကြောင်းသိရသည်။

သေဆုံးသွားသူသည် သံပန်းတံခါး အလုပ်လုပ်ကိုင်ဖူးပြီး အရိုက်ခံရသည့် ရက်ပိုင်းတွင် ငုရုတ်သီး‌ချွေသည့် လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly