ကျုံပျော်မြို့တွင် အပြင်ထွက်ကဒ်မပါလျှင် ငွေကျပ် ၅သောင်းတောင်း၊ မပေးနိုင်ပါက ဖမ်းချုပ်ခံရ

ကျုံပျော်မြို့တွင် အပြင်ထွက်ကဒ်မပါလျှင် ငွေကျပ် ၅သောင်းတောင်း၊ မပေးနိုင်ပါက ဖမ်းချုပ်ခံရ

ဩဂုတ် ၁၅

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့တွင် အပြင်ထွက်ကဒ်မပါလျှင် တစ်ဦးလျှင် ငွေကျပ် ငါးသောင်းအထိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် စစ်တပ်ဖွဲ့၀င်များမှ ဒဏ်တပ် တောင်းခံနေပြီး မပေးနိုင်ပါက ဖမ်းဆီးချုပ်‌နှောင်ထား‌ကြောင်း ဒေသခံများထံကသိရသည်။

ကျုံပျော်မြို့ ရဲစခန်းရှေ့နှင့် အင်းရဲလမ်းဆုံတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များက တားဆီး မေးမြန်း စစ်ဆေး ဒဏ်ရိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

"စက်ဘီးစီတဲ့သူရော ဆိုင်ကယ်နဲ့ မြို့ထဲထွက်တဲ့သူတွေပါ အကုန်ဖမ်းတာ။ အခုသိရသလောက် အသိဆိုက်ကားသမားတစ်ယောက်ကို ငွေ ငါးသောင်းတောင်းတယ်။ ဒဏ်ရိုက်တယ်ဆိုပြီး ပြောတယ်။ မပေးနိုင်တဲ့သူကို ဖမ်းချုပ်ထားတယ်။ မိသားစုလာအရွေးကို စောင့်ခိုင်းတာပေါ့ဗျာ။ လာမရွေးဘူးဆို နောက်တစ်ရက်အထိ ဖမ်းချုပ်ထားတာ"ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲတပ်ဖွဲ့၀င်တစ်ချို့သည် ကျုံပျော်မြို့ပေါ်တွင် COVID-19ထိန်းချုပ်ရန်ဟုဆိုကာ နေ့လည်၁၂ နာရီနောက်ပိုင်း အပြင်ထွက်ပါက အပြင်ထွက်ကဒ်ယူဆောင်ရမည်ဟု လိုက်လံကြော်ငြာထားခြင်းဖြစ်သည်။

"ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ အပြင်ထွက်ကဒ် အကုန်စစ်တာ။ ကိုဗစ်ကိုအကြောင်းပြပြီး တစ်ခုမဟုတ်တစ်ခု အညှိရှာစစ်ပြီးဖမ်းတာ" ဟုဒေသခံတစ်ဦးက ရှင်းပြသည်။

ကျုံပျော်မြို့တွင် COVID-19 ထိန်းချုပ်ရန်ဟုဆိုကာ လိုက်လံ ကြော်ငြာထားခြင်းမှာ နေ့လည် ၁၂နာရီနောက်ပိုင်း အပြင်ထွက်ပါက အပြင်ထွက်ကဒ်ယူဆောင်ရမည်ဟု ပြောဆိုထားသော်လည်း နံနက် ၁၀နာရီမှ စကာ စတင်မေးမြန်း ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required