အာဆီယံအထူးသံတမန်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး ဆွေးနွေး

အာဆီယံအထူးသံတမန်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး ဆွေးနွေး

ဩဂုတ် ၁၅

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဘရူနိုင်း ဒုနိုင်ငံခြား‌‌‌ရေးဝန်ကြီး ဒါတို ဟာဂျီ အာရီဝမ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာတို့သည် သြဂုတ် ၁၄ ရက်က မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဒါတို ဟာဂျီ အာရီဝမ်ဘက်က ခုလို ဆက်သွယ်ပြောဆိုမှုအတွက် ကျေးဇူးတင်ရှိပါတယ်၊ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက အခြေအနေနဲ့ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်၊ အိန္ဒိယအနေနဲ့ကလည်း မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ အစီအစဉ်အပေါ် အပြည့်အဝ ထောက်ခံပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အာရီဝမ်ကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် အာဆီယံက ခန့်အပ်ခဲ့မှုကို ကြိုဆိုကြောင်း အိန္ဒိယက အစောပိုင်းက ထုတ်ဖော်ထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီလုပ်ငန်းစဉ် မူလအတိုင်း ပြန်လည်ဖော်ဆောင်ရေးအတွက် ဆက်လက်ထောက်ခံသွားမည်ဟု အိန္ဒိယက ပြောခဲ့သည်။

ပြီးခဲ့သည့် ဧပြီလက အာဆီယံခေါင်းဆောင်များသည် မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတွင် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများ ရပ်ဆိုင်း‌ရေးအတွက် တိုက်တွန်းပြောဆိုထားခဲ့သည်။

ထို ဧပြီလ အာဆီယံအစည်းအဝေးတွင် မြန်မာနှင့်ပတ်သက်ပြီး ဘုံသဘောတူညီချက် ငါးချက် ရရှိခဲ့ပြီး ယင်းတို့မှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်စဲရေး၊ သက်ဆိုင်သူ အားလုံးက ပြည်သူများ၏ အကျိုးအတွက် ငြိမ်းချမ်းသော ဖြေရှင်းနည်းလမ်းတစ်ခု ရရှိနိုင်ရေး ဆွေးနွေးညှိနှိုင်းမှု စတင်ရေး၊ ဆွေး‌နွေးညှိနှိုင်းမှုများကို အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်တစ်ဦးက ကြားဝင်ညှိနှိုင်းရေး၊ အာဆီယံဘက်က လူသားချင်း အကူအညီများ ထောက်ပံ့ရေးနှင့် အထူးသံတမန်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရေး တို့ ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required