ဟေတီမှာ အားပြင်းငလျင်လှုပ်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံး

ဟေတီမှာ အားပြင်းငလျင်လှုပ်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံး
Photo - AFP

ဩဂုတ် ၁၅

ဟေတီနိုင်ငံမှာ သြဂုတ် ၁၄ ရက်က အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခဲ့ပြီးနောက် အနည်းဆုံး လူပေါင်း ၃၀၄ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ယင်းနိုင်ငံရဲ့ အရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ပြောကြားပါတယ်။

“သေဆုံးမှုပိုင်းမှာဆိုရင် တောင်ဘက်ပိုင်းမှာ  အယောက် ၁၆၀ ၊ နစ်ပက်စ်မှာ ၄၂ ယောက် ၊ ဂရန်းအန့်စ်မှာ အယောက် ၁၀၀ နဲ့ အနောက်မြောက်ပိုင်းမှာ နှစ်ယောက်တို့ ရှိနေတယ်လို့ ကျွန်တော်တို့ စာရင်းရထားပါပြီ” လို့ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီအကြီးအကဲ ဂျယ်ရီ ချန်ဒလာက ပြောခဲ့ပါတယ်။

အဆိုပါကာရစ်ဘီယံကျွန်းနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြောင့် လူအများအပြား သေဆုံးကာ အဆောက်အအုံတွေ ပြိုကျခဲ့ပြီးနောက် ဝန်ကြီးချုပ် အီရီယယ် ဟန်နရီက အရေးပေါ်အခြေအနေ ကြေညာသွားခဲ့ပါတယ်။

သဘာဝဘေးဒုက္ခဆိုးတွေနဲ့ ဖိစီးခံထားရသလို ၂၀၁၀ ခုနှစ် ထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့ ငလျင်တစ်ခုကနေ ပြန်လည်နာလန်ထူဖို့ ကြိုးပမ်းနေရဆဲ ဖြစ်တဲ့ အဆိုပါနိုင်ငံမှာ ယခုအခါ နောက်ထပ် အားပြင်းငလျင်တစ်ခု လှုပ်မှုနဲ့ ထပ်မံရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ယခု ငလျင်ဟာ လူနေထူထပ်တဲ့ မြို့တော် ပို့စ်အောပရင့်စ် ရဲ့ အနောက်ဘက် မိုင် ၁၀၀ လောက်မှာ ဗဟိုပြုလှုပ်ခဲ့တာ ဖြစ်ပြီး ငလျင်လှုပ်ချိန်မှာ ကြောက်လန့်နေကြတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ကမန်းကတန်း ပြေးလွှားခဲ့ကြရပါတယ်။

“အိမ်တွေ အများကြီးပဲ ပျက်စီးသွားခဲ့တယ်၊ သေတဲ့လူတွေလည်း အများကြီးပဲ၊ တစ်ချို့လည်း ဆေးရုံတွေမှာ ရောက်နေကြတယ်” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် ခရစ်တယ်လာ စိန့် ဟီလိုင်ရီက ပြောခဲ့ပါတယ်။ “လူတိုင်း ခုဆို လမ်းပေါ်မှာ ရှိနေကြတယ်၊ နောက်ဆက်တွဲ တုန်ခါမှုတွေ ရှိနေတုန်းပဲ” လို့လည်း ၎င်းက ဆိုပါတယ်။

ကနဦး အချိန်ကြာတဲ့ ငလျင်လှုပ်မှုကို ကာရစ်ဘီယံ ဒေသ အတော်များများမှာ ခံစားသိရှိခဲ့ပါတယ်။ ငလျင်ကြောင့် ဟေတီ အနောက်တောင်ပိုင်းကျွန်းဆွယ်ရှိ စာသင်ကျောင်းတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ တင်ခဲ့တဲ့ ပုံရိပ်တွေအရ သိရပါတယ်။

ငလျင်ကြောင့် လူရာနဲ့ချီ ဒဏ်ရာရခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ အရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ပြောထားပါတယ်။

ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြသလို ဆေးရုံတွေမှာလည်း ဒဏ်ရာရသူတွေကို ဆက်လက် လက်ခံပေးနေရတယ်လို့ သိရပါတယ်။

ခုလိုမျိုး ဟေတီမှာ အားပြင်းငလျင် လှုပ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံအချို့က ဝမ်းနည်းကြောင်း ထုတ်ဖော်ခဲ့ကြပြီး ကူညီထောက်ပံ့မှုတွေလုပ်ပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly