ဝိုင်းမော်မြို့ (၅၈ ) တပ်ရင်းအနီးမှ အမြန်ဆုံးဖယ်ရှားပေးရန် ဒေသခံများအား စစ်ကောင်စီညွန်ကြား

ဝိုင်းမော်မြို့ (၅၈ ) တပ်ရင်းအနီးမှ အမြန်ဆုံးဖယ်ရှားပေးရန် ဒေသခံများအား စစ်ကောင်စီညွန်ကြား

ဩဂုတ် ၁၄

ဝိုင်းမော်မြို့ အခြေစိုက် အမှတ် (၅၈) ခြေလျင်တပ်ရင်းက အနီးပတ်ဝန်းကျင်ရှိ ဒေသခံများအား ညနေ ၂ နာရီအပြီးသတ် အမြန်ဆုံးရွှေ့ပြောင်းပေးရန် ယနေ့ ( ဩဂုတ် ၁၄ ရက်) လိုက်လံညွှန်ကြားနေကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်က ခလရ (၅၈) တပ်ကို ကချင်လွတ်‌မြောက်ရေးတပ်မတော် (KIA )နှင့် PDF တို့ပူးပေါင်းထားသည့်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ခလရ (၅၈) တပ်က ဒေသခံများရှိသည့် ကျေးရွာများဘက်သို့ ညစဥ်ညတိုင်း လက်နက်ကြီး၊ လက်နက်ငယ်များအပြင် သေနတ်များနှင့်ပါ ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့သည်။

ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ဒေသခံများ၏ ဥစ္စာပစ္စည်းများ၊ မွေးမြူရေးတိရိစ္ဆာန်များနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်ဆီးသည့်အပြင် လူထိခိုက်သေဆုံးမှုများပါ ရှိခဲ့သည်။

ယမန်နေ့ ညနေပိုင်းတွင် တပ်ဘေးကျေးရွာရှိ ဒေသ ခံပြည်သူအမျိုးသမီးတစ်ဦး စျေးဝယ်ပြန်လာရာ ခလရ (၅၈) တပ်ရှေ့ဖြတ်ချိန်တွင် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်သည်အင်အား ၁၀၀ ကျော်ကို ခလရ (၅၈) တပ်သို့ပေးပို့ဖြည့်တင်းထားပြီး တပ်ကို ရောက်ရှိလာသည့် စစ်ကြောင်းမှုးမှာ ယာယီတပ်ရင်းမှူးအဖြစ် တာဝန်ယူအုပ်ချုပ်နေကြောင်း တပ်ဘက်နီးစပ်သူများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly