ပါကစ္စတန်-အာဖဂန်နယ်စပ်တလျှောက် တာလီဘန်များခိုလှုံသည့် နေရာများ ဖယ်ရှားပေးရန် အမေရိကန် ပြောကြား

By Daily Outlook Afghanistan
14 August 2021
ပါကစ္စတန်-အာဖဂန်နယ်စပ်တလျှောက် တာလီဘန်များခိုလှုံသည့် နေရာများ ဖယ်ရှားပေးရန် အမေရိကန် ပြောကြား

ပါကစ္စတန်-အာဖဂန်နယ်စပ်တစ်လျှောက်ရှိ တာလီဘန်များ ခိုလှုံပုန်းအောင်းနေသည့် နေရာများ ဖယ်ရှားရေး အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က ပါကစ္စတန် ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဂျာဗေး ဘတ်ဂျ်ဝါနှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။

တာလီဘန်များ ခိုလှုံပုန်းအောင်းနေသည့် နေရာများသည် အာဖဂန်နစ္စတန်တွင်ဖြစ်ပွားနေသော ရက်စက် ကြမ်းကြုတ်မှုများနှင့် မလုံခြုံမှုဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးလွိုက်အော်စတင်က ယုံကြည်နေကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

ပါကစ္စတန်က တာလီဘန်တိုက်ခိုက်ရေးသမားများအား လုံခြုံသောခိုလှုံရာနေရာများ ထောက်ပံ့ခြင်းနှင့် ပံ့ပိုးခြင်း မရှိကြောင်း အစဉ်အမြဲငြင်းပယ်နေချိန်တွင် ပါကစ္စတန်ကို တိုက်ရိုက်ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

အာဖဂန်အစိုးရက အိမ်နီးချင်းပါကစ္စတန်သည် တာလီဘန်စစ်သွေးကြွများအား လုံခြုံစွာပုန်းခိုနိုင်သည့် နေရာများ ထောက်ပံ့ခြင်း၊ ရန်ပုံငွေ၊ လေ့ကျင့်မှုနှင့် ပံ့ပိုးမှုများ ပေးနေသည်ဟုစွပ်စွဲခဲ့သည်။

အာဖဂန်-ပါကစ္စတန်နယ်စပ်တစ်လျှောက် တာလီဘန်စစ်သွေးကြွများအား လုံခြုံစွာပုန်းခိုနိုင်သည့် နေရာများ ကိစ္စ ပါကစ္စတန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် အမေရိကန်က ဝန်မလေးကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ပါကစ္စတန်နိုင်ငံသားများသည်လည်း ဒေသတွင်းအကြမ်းဖက်ဝါဒ ဒဏ်ကို ခံစားနေကြရပြီး အကြမ်းဖက်သမားများ ပုန်းခို နေသော နေရာများအား ပိတ်ပစ်ခြင်းနှင့် တာလီဘန်များအား အသုံးပြုခွင့်မပြုခြင်းအတွက် တူညီသော သဘောထားရှိကြသည်” ဟု ကာဘီက ပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ တာလီဘန်များပုန်းခိုသောနေရာများနှင့် ပတ်သက်ပြီး ပါကစ္စတန်ခေါင်းဆောင်ပိုင်းနှင့် အမေရိကန်က စဉ်ဆက်မပြတ် ဆွေးနွေးနေကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required