ထိုင်းအစိုးရကို ဆန့်ကျင်ပြီး တစ်ပတ်အတွင်း သုံးကြိမ်မြောက်အဖြစ် ဘန်ကောက်မှာ ဆန္ဒပြ 

ထိုင်းအစိုးရကို ဆန့်ကျင်ပြီး တစ်ပတ်အတွင်း သုံးကြိမ်မြောက်အဖြစ် ဘန်ကောက်မှာ ဆန္ဒပြ 
Photo - AFP

ဩဂုတ် ၁၄

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်မားတာနဲ့ အစိုးရရဲ့ ကပ်ဘေးအပေါ် ကိုင်တွယ်ဖြေရှင်းပုံအပေါ် မကျေနပ်တဲ့ ဒေါသအစိုင်အခဲတွေကြောင့် အခု သီတင်းပတ်အတွင်းမှာ သုံးကြိမ်မြောက်အဖြစ် သောကြာနေ့က ဘန်ကောက်မှာ လူစုရုံးဆန္ဒပြမှုကို ထိုင်းရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်တာကြောင့် ဆန္ဒပြသူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံအနေနဲ့ လက်ရှိအထိ အဆိုးဝါးဆုံး ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သောကြာနေ့ တစ်ရက်တည်းမှာတင် လူပေါင်း ၂၃၄၁၈ ဦး တစ်နေ့တာ စံချိန်တင် ကူးစက်ခဲ့ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ကာကွယ်ဆေး ထိုးနှံရေး စီမံကိန်း နှေးကွေးလေးဖင့်တာနဲ့ ကန့်သတ်စည်းမျဉ်းတွေကြောင့် ဘဏ္ဍာရေး အထိနာနေတာတွေဟာ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အစိုးရအပေါ် နိုင်ငံရေး ဖိအားလှိုင်းတွေ တိုးသထက်တိုး ကျရောက်လို့ နေပါတယ်။ 

ဘန်ကောက်မြို့တော်ရဲ့ အောင်ပွဲခံအဆောက်အအုံဘေးက လမ်းဆုံကြီးတစ်ခုမှာ ဆန္ဒပြသူတွေဟာ လူစုရုံးမှု တားမြစ်ချက်ကို ဖီဆန်စုရုံးကြပြီး လယ်သမားတွေ စီးပွားရေးဒုက္ခကြုံနေတာကို ဖော်ပြတဲ့အနေနဲ့ သစ်သီးပုပ်အိတ်တွေကို မီးရှို့ကြပါတယ်။ 

“အစိုးရ အသုံးမကျတာကြောင့် ဒီ သစ်သီးတွေကို ရောင်းလို့ မရတော့တာပဲ၊ ဗိုင်းရပ်စ်နဲ့ စီးပွားရေး စီမံခန့်ခွဲဖို့မှာ အစိုးရဟာ ဖြစ်ဖြစ်မြောက်မြောက် မရှိဘူး”ဆိုပြီး အမျိုးသမီး ဆန္ဒပြသူတစ်ဦးက သုံးလေးရာ အင်အားရှိတဲ့ ဆန္ဒပြလူအုပ်ကို ပြောပါတယ်။ 

“ပရာယွတ် ချက်ချင်း နုတ်ထွက်တော့ပါ”ဆိုတဲ့ စာတမ်းကြီးကို ကိုင်ဆောင်ရင်း ဆန္ဒပြသူတွေဟာ စစ်တန်းလျားထဲက ပရာယွတ် အိမ်တော်ရာဆီ ချီတက်ကြဖို့လည်း ကြိုးပမ်းခဲ့ကြပါတယ်။ 

ရဲတွေဟာ သံဆူးကြိုးတွေနဲ့ သင်္ဘောကွန်တိန်နာတွေကို အတန်းလိုက် ကာရံတားဆီးထားပြီး ဆန္ဒပြသူတွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားကာ မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရာဘာကျည်တွေ၊ မီးသတ်ပိုက်တွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းကြပါတယ်။ 

အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့ကလည်း အခု ဖြစ်ပွားရာမှာပဲ ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြတာဖြစ်ပြီး ရဲတွေက မီးသတ်ပိုက်တွေ၊  မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်သလို ဆန္ဒပြသူအချို့ကလည်း မီးရှူးမီးပန်း၊ ဗြောက်အိုးတွေနဲ့ တာဝန်ရှိသူတွေကို ပြန်လည်ပစ်ပေါက်ကြပါတယ်။ 

လွန်ကျွံအင်အား သုံးစွဲတယ်လို့ စွပ်စွဲခံနေရတဲ့ ရဲတွေကတော့ ဥပဒေနဲ့အညီ ချည်းကပ်လုပ်ဆောင်တာပဲ ဖြစ်တယ်လို့ အခိုင်အမာဆိုပြီး အများပြည်သူ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို အန္တရာယ်မဖြစ်စေဖို့ ပြည်သူတွေကို တိုက်တွန်းပြောဆိုပါတယ်။ 

“ဆန္ဒပြလူအုပ်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ထားသူတွေ ရှိတယ်ဆိုတဲ့ တိကျတဲ့ သက်သေတွေ ရှိထားပါတယ်”လို့ မြို့တော်ရဲဗျူရို အကြီးအကဲ ပေါင်ပီထရာက သတင်းထောက်တွေကို သောကြာနေ့မှာ ပြောပါတယ်။ 

ဗုဒ္ဓဟူးနေ့ ဆန္ဒပြပွဲမှာ ဗြောက်အိုးနဲ့ လှမ်းပေါက်ချိန် လက်ထဲမှာပဲ ပေါက်ကွဲတဲ့ လူငယ်ဆန္ဒပြသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ရှိကြောင်း ပြည်တွင်းသတင်းတွေက ဖော်ပြထားပါတယ်။ 

ထိုင်းနိုင်ငံမှာ လူငယ်တွေ ဦးဆောင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး ပြီးခဲ့တဲ့နှစ်က စတင်ပေါ်ပေါက်ခဲ့ရာမှာ ပြည်သူထောင်ပေါင်းများစွာပါ ပါဝင်လာကြပြီး ၂၀၁၄ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ဦးစီးချုပ်အကြီးအကဲ ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။  

အဲဒီ လှုပ်ရှားမှုဟာ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကိုပါ တောင်းဆိုလာပြီး ကာလရှည် အမြစ်တွယ်နေတဲ့ အယူစွဲကို ချေဖျက်ပစ်ခဲ့ပါတယ်။ ဆန္ဒပြသူ သုံးလေးဆယ်ထက်မနည်းဟာ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ တော်ဝင်အသရေဖျက်မှု စွဲချက်မျိုစုံနဲ့ ဖမ်းဆီး တရားရုံးတင် အမှုစွဲဆိုခံခဲ့ကြရပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly