ဆူဒန်အာဏာရှင်ဟောင်းကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစီရင်ရေး ပို၍ နီးစပ်လာ 

ဆူဒန်အာဏာရှင်ဟောင်းကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစီရင်ရေး ပို၍ နီးစပ်လာ 
Photo - AFP

ဩဂုတ် ၁၃

ဒါဖာပဋိပက္ခတွေအတွင်း လူမျိုးတုံးသတ်ဖြတ်မှုအတွက် စွဲဆိုခံထားရတဲ့ ဆူဒန် အာဏာရှင်ဟောင်း အိုမာ အယ်လ် ဘာရှားကို တရားစီရင်နိုင်ရေးအတွက် နီးစပ်တဲ့ ရှေ့တိုးခြေလှမ်းတစ်ရပ်အဖြစ် ဆူဒန်နိုင်ငံနဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC တို့ဟာ ပူးပေါင်းသဘောတူညီချက်တစ်ရပ်ကို ကြာသပတေးနေ့က လက်မှတ်ရေးထိုးကြပါတယ်။ 

ဒါဖာပြည်တွင်းစစ်ဟာ ဆူဒန်သမိုင်းမှာ ‘အမှောင်မျက်နှာစာ’လို့ ရည်ညွှန်းပြောဆိုဖူးတဲ့ ICC ရှေ့နေချုပ် ကာရင်ခန်းက ‘ခိုင်မာသော အမှု တည်ဆောက်ရေး’ နောက်ထပ် သက်သေတွေ စုဆောင်းဖို့အတွက် ရုံးဖွင့်လှစ်နိုင်ဖို့ သည်ဟိတ်မြို့ အခြေစိုက် ICC အတွက် အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ 

ဆူဒန်မှာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အသက် ၇၇ နှစ်ရှိ ဘာရှားကို ICC က အလိုရှိနေခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်မက ရှိနေခဲ့တာပါ။ 

သူ့ရဲ့ အခြား လက်ထောက်အကူဟောင်း နှစ်ဦးကိုလည်း စစ်ရာဇဝတ်မှုစွပ်စွဲချက်တွေနဲ့ အလိုရှိနေတာလည်း ဖြစ်ပါတယ်။ 

၂၀၀၃ ခုနှစ်အတွင်းက အနောက်ပိုင်း ဒေသတွေမှာ ဖြစ်ပွားပေါ်ပေါက်တဲ့ ဒါဖာပဋိပက္ခတွေအတွင်း လူ သုံးသိန်း  အသတ်ခံရကာ ၂ ဒသမ ၅ သန်း ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတယ်လို့ ကုလသမဂ္ဂအရ သိရပါတယ်။ 

၂၀၁၉ ဩဂုတ်လကစလို့ ဆူဒန်နိုင်ငံကို ဦးစီးဦးဆောင်ပြုလာခဲ့တဲ့ အသွင်ပြောင်း အရပ်သား-စစ်ဖက် အုပ်ချုပ်ရေးက ဘာရှားလက်ထက်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ သားကောင်းဖြစ်ခဲ့ရသူတွေအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးမယ်လို့ သံန္ဒဋ္ဌာန်ချထားတာလည်း ဖြစ်ပါတယ်။ 

ICC က ဖမ်းဝရမ်းထုတ်ထားတဲ့ ဘာရှားကို ဆန့်ကျင်သူတွေ ပါဝင်တဲ့ သူ့ရုံးနဲ့ ဆူဒန် အသွင်ပြောင်းအစိုးရက နားလည်မှု စာချွန်လွှာတစ်ရပ် ရေးထိုးခဲ့တယ်ဆိုတဲ့ သတင်းအတွက် ကျေနပ်မိကြောင်း ICC ရှေ့နေချုပ် ကာရင်ခန်းက ခါသွမ်မြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ဆူဒန်နိုင်ငံကို နှစ်သုံးဆယ်ကျော် ဓားမိုးအုပ်ချုပ်ခဲ့တဲ့ ဘာရှားဟာ ၂၀၁၉ လူထုဆန္ဒပြပွဲကြီးတွေနဲ့ ဖြုတ်ချခံရပြီး ခါသွမ်မြို့က လုံခြုံရေးတင်းကြပ်တဲ့ ကိုဘာ အကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံနေရတာပါ။ 

ICC ဟာ ဘာရှားကို စစ်ရာဇဝတ်မှုနဲ့ လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေအတွက် ၂၀၀၉ ခုနှစ်မှာ ဖမ်းဝရမ်း ထုတ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပါ ထပ်လောင်းစွဲဆိုထားခဲ့တာပါ ဖြစ်ပါတယ်။ 

ဘာရှားရဲ့ အာရပ်ကြီးစိုးတဲ့ အစိုးရဟာ စနစ်တကျ ခွဲခြားဆက်ဆံနေတယ်ဆိုတဲ့ မခံမရပ်နိုင်ဖြစ်မှုတွေနဲ့ အာရပ်မဟုတ်တဲ့ သူပုန်တွေဟာ လက်နက်စွဲကိုင်ကြရာက ၂၀၀၃ ခုနှစ်မှာ ဒါဖာစစ်ပွဲ ဖြစ်ပွားပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required