အိန္ဒိယ သတ္ထုတူးဖော်ရေးကုမ္ပဏီ Vedanta က ဒေါ်လာ ၂၀ ဘီလျံနီးပါး ထပ်မံ ရင်းနှီး မြှုပ်နှံမည်

အိန္ဒိယ သတ္ထုတူးဖော်ရေးကုမ္ပဏီ Vedanta က ဒေါ်လာ ၂၀ ဘီလျံနီးပါး ထပ်မံ ရင်းနှီး မြှုပ်နှံမည်

အိန္ဒိယနိုင်ငံတွင် သတ္ထုတူးဖောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် Vedanta ကုမ္ပဏီက လာမည့်နှစ်များတွင် ၎င်း၏ ကုမ္ပဏီများတွင် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ နီးပါး (ရူပီး ၁၄၈၉၀၀ကုဋေ) ကို ထည့်ဝင် ရင်းနှီးမြှုပ်နှံသွားမည်ဟု ကုမ္ပဏီဥက္ကဌအာနေးလ်အာဂါဝယ်က ထုတ်ပြန်ကြေညာလိုက်သည်။

“သတ္ထုနဲ့ တွင်းထွက်ပစ္စည်း လုပ်ငန်းအလားအလာက ကောင်းဖို့ရှိပါတယ်။ Vedanta ကုမ္ပဏီက နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ဆောင်ရွက်ပြီး ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒေါ်လာ ဘီလျံ ၂၀ အထိ ထပ်မံ ရင်းနှီးမြှုပ်နှံသွားပါမယ်” ဟု ကုမ္ပဏီ၏ ၅၆ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ဩဂုတ် ၁၀ ရက်က ပြောကြားခဲ့သည်။

ငွေနှင့် သတ္ထုထုတ်လုပ်ရေး ၂ ဆတိုးထုတ်ရန် လုပ်ဆောင်သွားမည်ဟုလည်း အာဂါဝယ်က ပြောကြားသည်။ ကုမ္ပဏီအနေဖြင့် ပြည်တွင်းရေနံနှင့် ဓာတ်ဆီထုတ်လုပ်မှုကိုလည်း ၅၀ ရာခိုင်နှုန်း တိုးမြှင့်သွား ရန် ပြင်ဆင်ထားသည်။

“အလူမီယံနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့က အများဆုံးထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အဖိုးတန် သတ္တုဖြစ်တဲ့အပြင် အဆင့်မြင့် နည်းပညာလုပ်ငန်းနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတို့မှ အရေးပါတဲ့ ငွေသတ္ထုထုတ်လုပ်မှုကို ၂ ဆ တိုးမြှင့်သွားပါမယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ဖက်ဒရယ်အစိုးရက အခွန်စနစ်ဟောင်းအား ပယ်ဖျက်မည့် အစီအစဉ်အပေါ် အာဂါဝယ်က ချီးမွမ်းလိုက်ပြီး Vedanta ကုမ္ပဏီအနေဖြင့် ရူပီး ကုဋေ ၂၂၀၀၀ ခန့် သက်သာသွားစေမည်ဟု ပြောကြားသည်။

“ဝင်ငွေခွန်စနစ်ဟောင်းကို ပြင်ဆင်မယ့် အစီအစဉ်ကို ကြိုဆိုပါတယ်။ ကုမ္ပဏီအတွက် အပြုသဘောသက်ရောက်မှုတွေ ရှိလာပါမယ်။ အခွန်ငွေ ရူပီး ၂၂၀၀၀ အတွက် တရားရုံးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်” ဟုလည်း အာဂါဝယ်က ပြောကြားသည်။

အိန္ဒိယအစိုးရက ၂၁၁၂ ခုနှစ်က စတင်ကျင့်သုံးခဲ့သည့် အခွန်စနစ်ဟောင်းကို ပယ်ဖျက်ရန် အဆိုပြုထားသလို လက်ရှိကောက်ခံထားသည့် အခွန်များကို ပြန်ပေးရန်နှင့် အခွန်ကိစ္စအတွက် တရားရုံးနှင့် ခုံသမာဓိရုံးတို့တွင် ရင်ဆိုင်နေရသည့် အမှုများကို ရုပ်သိမ်းပေးမည်ဟုလည်း တာဝန်ရှိသူများက ကတိပြုထားသည်။

သတ္ထုနှင့် တွင်းထွက်ပစ္စည်းထုတ်လုပ်မှုမှ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) သည် လာမည့်နှစ်များအတွင်း ၃ ဆအထိ မြင့်တက်လာကာ ပြည်ပမှ တင်သွင်းမှုကို ရပ်ဆိုင်းနိုင်မည်ဟုလည်း အာဂါဝယ်က ပြောကြားသည်။

“အိန္ဒိယဟာ ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံ စီးပွားရေးကနေ ဒေါ်လာ ၅ ထရီလီယံ အထိ တိုးတက်လာပြီး ဒေါ်လာ ၁၀ ထရီလီယံအထိ ဆက်တက်လာပါလိမ့်မယ်။ တွင်းထွက်ကဏ္ဍက ဂျီဒီပီ ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်းပါဝင်နိုင်ပြီး သတ္ထုကဏ္ဍက ၂ ရာခိုင်နှုန်းအထိ ပါဝင်ပါမယ်။ သွင်းကုန်အပေါ် မှီခိုမှုကို ရှောင်ရှားနိုင်ဖို့ ဂျီဒီပီကို ၃ ဆတိုးတက်အောင်လုပ်ဖို့က တစ်ခုတည်းသော နည်းလမ်းပါ” ဟုလည်း ၎င်းက‌ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly