အာရှဖိတ်ခေါ်ဟော်ကီပြိုင်ပွဲတွင် အသင်းလေးသင်း အကြိတ်အနယ်ကစားမည်

အာရှဖိတ်ခေါ်ဟော်ကီပြိုင်ပွဲတွင် အသင်းလေးသင်း အကြိတ်အနယ်ကစားမည်
လေ့ကျင့်ရေးကွင်းတွင် မြင်တွေ့ရသော အမျိုးသားဟော်ကီအသင်း။ (ဓာတ်ပုံ - သောကြာ)

ဒီဇင်ဘာ ၁၂၊ ရန်ကုန်။               ။ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အာရှအမျိုးသားဖိတ်ခေါ်ဟော်ကီပြိုင်ပွဲ(2nd Men's Asian Challenge)သို့ အိမ်ရှင်မြန်မာအသင်းအပါအဝင် အသင်း ခြောက်သင်း ဝင်ပြိုင်ရန် စာရင်းပေးသွင်းထားသော်လည်း ပြိုင်ပွဲဝင်အသင်းနှစ်သင်း လာရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် အသင်းလေးသင်းသာ အကြိတ်အနယ်ကစားရမည်ဖြစ်သည်။

အာရှဖိတ်ခေါ်ဟော်ကီပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်မှ ၂၀ ရက်ထိ ရန်ကုန်မြို့၊ သိမ်ဖြူ မြက်ခင်းတု ဟော်ကီကွင်းတွင် ကျင်းပ မည်ဖြစ်သည်။ အစောပိုင်းက ပြိုင်ပွဲသို့ အိမ်ရှင်မြန်မာ၊ တရုတ်၊ သီရီလင်္ကာ၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်၊ အင်ဒိုနီးရှား စသည့် နိုင်ငံခြောက်နိုင်ငံ ဝင်ပြိုင်ရန် စာရင်းပေးထားသည်။

သို့သော် လက်ရှိအချိန်တွင် သီရိလင်္ကာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့မှာ လာရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသောကြောင့် မြန်မာ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်စသည့် အသင်း
လေးသင်း ပတ်လည်စနစ်ဖြင့် ကစားမည်ဖြစ်သည်။

ဒုတိယအကြိမ် အာရှအမျိုးသားဖိတ်ခေါ်ဟော်ကီပြိုင်ပွဲတွင် ပထမနှင့် ဒုတိယရရှိသည့် အသင်းနှစ်သင်းသည် အာရှဟော်ကီပြိုင်ပွဲသို့ ဝင်ရောက်ကစားခွင့်ရမည်ဖြစ်သောကြောင့် အိမ်ရှင်မြန်မာ အသင်းအနေဖြင့် ဒုတိယနေရာမှ ခြေစစ်ပွဲအောင်မြင်ရန် မျှော်မှန်းထားသည်။

မြန်မာအသင်းသည် ဒီဇင်ဘာ ၁၃ ရက် တွင် တရုတ်(တိုင်ပေ)အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် တရုတ်အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် ဟောင်ကောင်အသင်းနှင့် လည်းကောင်းတို့နှင့် အသီးသီးကစားရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ဒုတိယဆုရရှိရန် မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်မှ မျှော်မှန်းထားသော်လည်း မြန်မာ့လက်ရွေးစင်အမျိုးသားဟော်ကီအသင်းနည်းပြ မိုဟာမက်က ခက်ခဲမည့် ပြိုင်ပွဲဖြစ်သည်ဟု မဇ္ဈိမသို့ ပြောထားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly