ဒီမိုကရေစီနိုင်ငံများ၏ ကုန်သွယ်ရေး အာရုံစိုက်မှုက တရုတ်မှ ဖယ်ခွာပြီး အိန္ဒိယဘက် ပိုယိမ်းနေပြီဟု သြစတြေးလျ ပြော

ဒီမိုကရေစီနိုင်ငံများ၏ ကုန်သွယ်ရေး အာရုံစိုက်မှုက တရုတ်မှ ဖယ်ခွာပြီး အိန္ဒိယဘက် ပိုယိမ်းနေပြီဟု သြစတြေးလျ ပြော

သြစတြေးလျနှင့် အိန္ဒိယအကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုကို ကြည့်မည်ဆိုပါက “ဒီမိုကရေစီကမ္ဘာ၏ ကုန်သွယ်ရေးဆိုင်ရာ စိတ်ဝင်စားမှုက တရုတ်ဆီကနေ ဖယ်ခွာပြီး တခြားသို့ ပြောင်းလဲတိမ်းညွတ်နေပြီ” ဆိုသည်ကို ပြသနေလိမ့်မည် ဖြစ်ကြောင်း သြစတြေးလျအထူးသံတမန်၊ ၀န်ကြီးချုပ်ဟောင်း တိုနီ အက်ဘော့က ပြောကြားသွားခဲ့သည်။

အက်ဘော့သည် အိန္ဒိယဆိုင်ရာ သြစတြေးလျ၏ ကုန်သွယ်ရေးအထူးသံတမန်အဖြစ် ပြီးခဲ့သည့် အပတ်က နယူးဒေလီသို့ သွားရောက်ခဲ့သည်။ လက်ရှိအချိန်တွင် သြစတြေးလျအစိုးရသည် အိန္ဒိယနှင့်အကြား နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးမှုအတွက် ဦးစားပေး ဆောင်ရွက်နေသည်။

သြဂုတ် ၉ ရက်က The Australian သတင်းစာတွင် ဖော်ပြခဲ့ပြီး ပေကျင်းကို အမျက်ထွက်စေဖွယ် ရှိသည့် အတွေးအမြင် ဆောင်းပါးတစ်ပုဒ်တွင် အက်ဘော့က “တရုတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတိုင်းနီးပါးအတွက် အဖြေက အိန္ဒိယပဲ ဖြစ်တယ်” ဟု ပြောထားခဲ့သည်။

“ကမ္ဘာကြီးရဲ့ တစ်ခြားသော ထွန်းသစ်စ စူပါ ပါ၀ါနိုင်ငံက နေ့စဥ်နီးပါးဆိုသလို ပိုပြီး ရန်လိုလာနေချိန်မှာ အားလုံးရဲ့ စိတ်ဝင်စားမှုကတော့ အိန္ဒိယဟာ နိုင်ငံတွေထဲမှာ မြန်မြန်ဆန်ဆန်ပဲ မှန်ကန်တဲ့ နေရာကို ယူလာတယ် ဆိုတဲ့အပေါ်မှာပဲ ရှိနေပါတယ်” ဟု အက်ဘော့က ရေးခဲ့သည်။

“ဘာကြောင့်လဲဆိုတော့ ကုန်သွယ်ရေး သဘောတူညီချက်တွေဟာ စီးပွားရေးနဲ့ သက်ဆိုင်သလောက် နိုင်ငံရေးနဲ့လည်း သက်ဆိုင်ပတ်သက်မှု ရှိပါတယ်၊ အိန္ဒိယနဲ့ သြစတြေးလျအကြား မြန်ဆန်တဲ့ သဘောတူညီချက်တစ်ခုကတော့ ဒီမိုကရေစီကမ္ဘာဟာ တရုတ်ကနေ ဖယ်ခွာပြီး တစ်ခြားကို ပြောင်းလဲယိမ်းယိုင်နေပြီ ဆိုတာကို ပြသလိုက်တဲ့ အရေးကြီးတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါလိမ့်မယ်၊ ပြီးတော့ ဒါက ကျွန်တော်တို့ နှစ်နိုင်ငံစလုံးရဲ့ ရေရှည် ကြီးပွားချမ်းသာမှုတွေကို တိုးမြင့်စေပါလိမ့်မယ်” ဟု အက်ဘော့က ပြောခဲ့သည်။

အက်ဘော့သည် ၎င်း သြစတြေးလျ၀န်ကြီးချုပ် တာ၀န်ယူခဲ့စဥ်က တရုတ်နှင့် သြစတြေးလျ တို့အကြား နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုကို အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီး ယင်းသည် ၂၀၁၅ ခုနှစ်တွင် အသက်၀င်ခဲ့သည်။ ၎င်းသည် ထိုမတိုင်ခင် အစောပိုင်းတစ်နှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နိုင်ငံတော် ခရီးစဥ် လာရောက်လည်ပတ်မှုကို ဧည့်ခံခဲ့သည်။

နောက်ပိုင်းကာလများတွင် သြစတြေးလျသည် တရုတ် တယ်လီကွန်းကုမ္ပဏီ Huawei ကို အဓိက ဆက်သွယ်ရေး အခြေခံအဆောက်အအုံ စီမံကိန်းများကနေ ပိတ်ပင်ခဲ့ခြင်း၊ သြစတြေးလျနိုင်ငံရေးတွင် ခိုးကြောင်ခိုး၀ှက် ပြည်ပ ၀င်ရောက်စွက်ဖက်မှုများကို တရားမ၀င်ကြောင်း ကြေညာခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ မူလဇာစ်မြစ်များအပေါ် လွတ်လပ်သည့် စုံစမ်းဖော်ထုတ်မှု လုပ်ဆောင်ရေး တောင်းဆိုခြင်း တို့အပါအ၀င် ကိစ္စရပ်များနှင့်ပတ်သက်ပြီး တရုတ်နှင့် သြစတြေးလျ အကြား ဆက်ဆံရေးများ တင်းမာအေးစက်ထားခဲ့သည်။

ကျောက်မီးသွေး၊ မုယောစပါး၊ ဝိုင်နှင့် ပင်လယ်စာ အပါအ၀င် သြစတြေးလျ ပို့ကုန်များအပေါ် ပြောင်းလဲလွယ်စွာဖြင့် သပိတ်မှောက်မှုများကို တရုတ်တို့ လုပ်ဆောင်ခဲ့သည်ဟု အက်ဘော့က ပေကျင်းကို စွပ်စွဲခဲ့သလို ယင်းသည် တရုတ်တို့ဘက်က ကုန်သွယ်ရေးကို “မဟာဗျူဟာ လက်နက်” တစ်ခုအဖြစ် အသုံးချလုပ်ကိုင်မှုကို ပြသနေဟု အက်ဘော့က ပြောခဲ့သည်။

“အဓိက အရင်းခံ ပြဿနာကတော့ တရုတ်တို့ရဲ့ ကြောက်စရာကောင်းတဲ့ ပါ၀ါဆိုတာ လွတ်လပ်တဲ့ ကမ္ဘာကြီးက ကွန်မြူနစ်အာဏာရှင်နိုင်ငံတစ်နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကွန်ရက်တွေထဲ ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာရဲ့ အကျိုးဆက်ပါပဲ” ဟု အက်ဘော့က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required