ကမ္ဘောဒီးယားရှိ တရုတ်ပံ့ပိုးတဲ့ ဆည်ကြောင့် ဒေသခံသောင်းချီရဲ့ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်ခဲ့

ကမ္ဘောဒီးယားရှိ တရုတ်ပံ့ပိုးတဲ့ ဆည်ကြောင့် ဒေသခံသောင်းချီရဲ့ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်ခဲ့
Photo - AFP

ဩဂုတ် ၁၂

ကမ္ဘောဒီးယားနိုင်ငံမှာ တရုတ်ငွေကြေးထောက်ပံ့တဲ့ ကြီးမားတဲ့ ဆည်ကြီးတစ်ခုကြောင့် ဒေသခံရွာသား သောင်းချီတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေအပေါ် ထိခိုက်ပျက်စီးမှုတွေဖြစ်စေခဲ့သလို ယင်းဆည်ဟာ ကတိပေးထားတဲ့ စွမ်းအင်ထုတ်လုပ်မှုပမာဏကို ပြည့်မီတာမျိုးလည်း မရှိကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ (Human Rights Watch-HRW) က သြဂုတ် ၁၀ ရက်မှာ ထုတ်ဖော်ခဲ့ပါတယ်။

ယင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ မီဂါဝပ် ၄၀၀ ထုတ်လုပ်ပေးနိုင်မယ် ဆိုတဲ့ Lower Sesan 2 ဆည်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ တရားဝင် ဖွင့်လှစ်မှု မတိုင်ခင်ကတည်းက အငြင်းပွားဖွယ်ရာတွေ ဖြစ်ပေါ်ထားစေခဲ့ပါတယ်။

ရင်းမြစ် ပေါကြွယ်ဝတဲ့ မဲခေါင်မြစ်ရဲ့ အဓိကမြစ်လက်တက်နှစ်ခုဖြစ်တဲ့ စီစန် နဲ့ စရီပေါ့ခ် မြစ်တွေရဲ့ မြစ်ဆုံမှာ ဆည်တည်တာက မဲခေါင်မြစ်နဲ့ ကပ်လျက် ဧရိယာတွေတစ်လျှောက်မှာ နေထိုင်ကြတဲ့ လူပေါင်း သန်းချီတို့အတွက် အရေးပါတဲ့ ငါးသယံဇာတတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိလိမ့်မယ်ဆိုပြီး ငါးလုပ်ငန်းကျွမ်းကျင်ပညာရှင်တွေက သတိပေးထားခဲ့ပါတယ်။

မြစ်ညာနဲ့ မြစ်အောက်ပိုင်းမှာ နေထိုင်ကြတဲ့ ရွာသား သောင်းနဲ့ချီတို့ဟာ အဆိုပါ ဆည်ကြောင့် ၎င်းတို့ရဲ့ ဝင်ငွေ ရရှိမှုပိုင်းမှာ ဆိုးဆိုးရွားရွား လျော့ကျဆုံးရှုံးမှုတွေ ဖြစ်ပေါ်ကြုံတွေ့ထားခဲ့ရတယ်လို့ HRW က သြဂုတ်လ ၁၀ ရက် အစီရင်ခံစာမှာ ပြောထားပါတယ်။ မတူညီတဲ့ လူအစုအဖွဲ့တွေက လူပေါင်း ၆၀ ခန့်ကို ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မေးမြန်းခဲ့မှုတွေကို ကိုးကားပြီး HRW က အထက်ပါအတိုင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ဒီ ဆည်ကြောင့် တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေ ဖျက်ဆီးခံခဲ့ရပါတယ်၊ သူတို့တွေဟာဆိုရင် နဂိုတုန်းက အစုအဖွဲ့လိုက် နေထိုင်ခဲ့ကြပြီး ငါးဖမ်းတာ နဲ့ စိုက်ပျိုးရေးလုပ်တာတို့ကနေ သူတို့ဘာသာ လုံလုံလောက်လောက် ဖူလုံမှုတွေ ရှိခဲ့ပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ advocacy director တစ်ဦးဖြစ်တဲ့ ဂျွန် ဆစ်ဖ်တွန်က ပြောပါတယ်။

“ကမ္ဘောဒီးယား အာဏာပိုင်တွေအနေနဲ့ ဒီ စီမံကိန်းရဲ့ နစ်နာကြေးထုတ်ပေးမှု၊ ပြန်လည်နေရာချထားမှုနဲ့ သက်မွေးမှုတွေ ပြန်လည်ရရှိရေး နည်းလမ်းတွေနဲ့ပတ်သက်လို့ အရေးတကြီး ပြန်လည်သုံးသပ်ဖို့ လိုနေပါပြီ”
“ ဒီဆည်ဟာ ခုလက်ရှိအချိန်မှာ မဲခေါင်မြစ်နဲ့ပတ်သက်လို့ ကြီးကြီးမားမား ကြုံနေရတဲ့ ပြဿနာတွေရဲ့ အရင်းခံအကြောင်းတစ်ခု ဖြစ်ထားခဲ့တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး” လို့ မဲခေါင် စွမ်းအင်နဲ့ ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဘရိုင်ယန် အိုင်းလာက ပြောခဲ့ကာ ဆုံးရှုံးမှုတွေနဲ့ပတ်သက်လို့ အတိအကျသိရဖို့ နောက်ထပ် လေ့လာမှုတွေ လုပ်ဖို့ လိုတယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

ဆည် တည်‌ဆောက်တဲ့ တရုတ်ရဲ့ China Huaneng Group က ကတိပေးထားတဲ့ ကမ္ဘောဒီးယားရဲ့ နှစ်စဉ် လျှပ်စစ်လိုအပ်ချက်ရဲ့ ခြောက်ပုံတစ်ပုံကို ဖြည့်ဆည်းထုတ်လုပ်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့အတူ ကမ္ဘောဒီးယားအစိုးရဟာ အဆိုပါ စီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်ထားခဲ့ပါတယ်။ ယင်းစီမံကိန်းဖော်ဆောင်မှုကြောင့် ဒေသခံ ၅,၀၀၀ ခန့်ကို ပြန်လည်နေရာချထားပေးရမှုတွေ ပါဝင်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း ယင်းဆည်ကြောင့် စွမ်းအင် ထုတ်လုပ်နိုင်မှုလယ်ဗယ်တွေဟာ အတော့်ကို လျော့ကျနေဖွယ် ရှိနေပြီး အထက်ပါ ကတိပြုထားတဲ့ လယ်ဗယ်တွေရဲ့ သုံးချိုးတစ်ချိုးသာသာကိုသာ ထုတ်ပေးထားနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ကမ္ဘောဒီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖေးစီဖန်က ယင်းဆည်နဲ့ပတ်သက်လို့ ခုခံကာကွယ်ပြောဆိုသွားခဲ့ပြီး ယင်းဟာ အပေါင်းလက္ခဏာအပြဆုံး အကျိုးတရားတွေ ထောက်ပံ့ပေးထားခဲ့သလို ပြန်လည်နေရာချထားခံရတဲ့ ရွာသားတွေဟာဆိုရင်လည်း ခုချိန်မှာ အိမ်သစ်၊ စိုက်ပျိုးမြေသစ်နဲ့ လျှပ်စစ်မီးတွေ ရနေပြီလို့ ဆိုခဲ့ပါတယ်။

“ စွပ်စွဲချက်တွေက ကြောင်းကျိုးမညီပါဘူး၊ သူတို့က ကမ္ဘောဒီးယားရဲ့ အတွေ့အကြုံတွေကို မကြည့်ကြပါဘူး၊ ခုတည်နေရာသစ်က အရင်နေရာထက် ပိုကောင်းပါတယ်” လို့ ဖေးစီဖန်က ပြောခဲ့ပြီး အစိုးရအနေနဲ့ အနီးပတ်ဝန်းကျင် ရွာတွေအပေါ် သက်ရောက်နိုင်မှုအပေါ် ဆက်ပြီးစောင့်ကြည့်သွားမယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

တည်ဆောက်မှုကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၇၈၀ ခန့် တန်ဖိုးရှိတယ်ဆိုတဲ့ အဆိုပါ ဆည်ကတော့ အာရှ၊ အာဖရိကနဲ့ ဥရောပတစ်ခွင် ပင်လယ်ရေကြောင်း၊ ရထားလမ်းနဲ့ ကားလမ်း ပရောဂျက်တွေအတွက် ဒေါ်လာ ၁ ထရီလီယံတန် အခြေခံအဆောက်အအုံ စီမံကိန်း မျှော်မှန်းချက်တစ်ခုဖြစ်တဲ့ တရုတ်ရဲ့ ခါးပတ်တစ်ကွင်း၊လမ်းတစ်စင်း စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly