မတ္တရာမြို့နယ်တွင် မြေသိမ်းတိုက်ပွဲဆင်နွှဲမည်

မတ္တရာမြို့နယ်တွင် မြေသိမ်းတိုက်ပွဲဆင်နွှဲမည်
မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တွေ့ဆုံဆွေးနွေးစာဖြင့်ဆင့်ခေါ်ခဲ့သော်လည်း ထွက်မတွေ့ခဲ့သဖြင့် မြေသိမ်းတိုက်ပွဲဆင်နွဲရန်တိုင်ပင်စဉ်။ (ဓာတ်ပုံ-အောင်ကိုဦး)

မန္တလေး၊ဒီဇင်ဘာ ၁၂ ။          ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဌာနဆိုင်ရာအသီးသီးက သိမ်းယူထားသည့် လယ်ယာမြေများထဲမှ ပိုလျှံနေသောမြေနှင့်စီမံကိန်း အကောင်အထည် မဖော်သောမြေများကို ဒေသခံတောင်သူများက ဒီဇင်ဘာလ ၁၆ ရက်တွင် မြေသိမ်းတိုက်ပွဲဆင်နွှဲ၍ ထွန်ယက်စိုက်ပျိုးသွားမည်ဟု တံခွန်လယ်ယာလုပ်သားသမဂ္ဂ အဖွဲ့ ဥက္ကဌ ဦးစောမြင့်လွင် က ပြောသည်။

“အစိုးရအသစ်မတက်ခင်မှာ ဒီမြေတွေကိစ္စဖြေရှင်းပေးစေချင်တယ်။လက်ရှိအစိုးရအနေနဲ့ ပြီးပြတ်အောင်လုပ်ခဲ့စေချင်တယ်။တောင်သူတွေက ဆယ်စု နှစ်စုမက နစ်နာနေတယ်။ ပိုနေတဲ့မြေကတော့ဗျာ   ပြန်ပေးရမှာပေါ့။ “ဟု ဦးစောမြင့်လွင် က ပြောသည်။

အဆိုပါမတ္တရာမြို့နယ်ရှိ လယ်ယာမြေအများစုကို သမဝါယမဝန်ကြီးဌာန၊စက်မှု(၁)ဝန်ကြီးဌာန၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ၁၉၈၂ခုနှစ်မှစတင်၍ ၂၀၀၀ခုနှစ်အထိ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသောလယ်ယာမြေ ဧက တစ်သောင်းကျော်ရှိနေပြီး သိမ်းယူထားသောဝန်ကြီးဌာနများအနေဖြင့် ဧက ၂၀၀၀ ခန့်သာ အသုံးပြုထားခြင်းကြောင့် ပိုလျှံနေသောမြေယာများနှင့် စီမံကိန်းမပြုလုပ်သောမြေယာများပြန်လည်ရရှိစေရန်အတွက် ၂၀၁၂ခုနှစ်မှစတင်၍ သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြတောင်းဆိုမှုများပြုလုပ်သလို ဆန္ဒဖော်ထုတ်တောင်းဆိုမှုများလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာညှိုနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပေးခြင်းမရှိသောကြောင့် မြေယာသိမ်းတိုက်ပွဲဆင်နွှဲရန် စီစဉ်ခြင်းဖြစ်သည်ဟု ဦးဆောင်မည့်ဒေသခံများ ကဆိုသည်။

“ဘာမှညှိုနှိုင်းမှု ဒီနေ့အချိန်ထိ မလုပ်ဘူး။ဒီကိစ္စတွေရှင်းပေးမယ်ဆိုပြီး မြို့နယ်ထွေအုပ်ကဆင့်ခေါ်တယ်။သွားရင်လည်းအတွေ့မခံဘူး။ကျွန်တော်တို့မြေပြန်ရဖို့က ဥပဒေဘောင်အတွင်းကလုပ်တာမရလို့   မြေသိမ်းတိုက်ပွဲလုပ်မှာပါ။ “လယ်ယာမြေ ၈ ဧက သိမ်းဆည်းခံထားရသူ ဦးမောင်ကြွယ် က ပြောသည်။

မြေယာများသိမ်းဆည်းထားမှုနှင့်ပတ်သက်၍ မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ ဒေသခံဦးဆောင်သူများနှင့်တွေ့ဆုံညှိုနှိုင်းရန်အတွက် ဒီဇင်ဘာလ ၁၂ ရက်တွင် အကြောင်းစာဖြင့်   ခေါ်ယူခြင်းကြောင့်  ဦးဆောင်သူများနှင့်ဒေသခံ ၁၀၀ ဦးကျော်တို့က သွားရောက်တွေ့ဆုံရာတွင်လည်း ယခင်အကြိမ်များအတိုင်းတွေ့ခွင့်မရခြင်းကြောင့် အဆိုပါနေ့ မွန်းလွဲ ၃ နာရီတွင်   မြေသိမ်းတိုက်ပွဲဆင်နွှဲရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများကဆိုကြသည်။

စုပေါင်းမြေသိမ်းတိုက်ပွဲဆင်နွှဲမည့်ကျေးရွာများမှာ လက်ကောင်း၊ရေထွက်၊တံငါ၊တောင်ပြုံး၊ရွာသစ်ကလေး၊သရက်ကန်၊ရေနံ့သာ၊ကျောက်စရစ် ၊ဥက္ကံ စသည့်ကျေးရွာများမှဖြစ်ပြီး ပထမဆုံးအနေဖြင့် စက်မှု(၁)မှ သိမ်းယူထားသော ကွင်းအမှတ် ၂၈၈ ရှိ ဧက ၂၀၀ ကို သိမ်းယူ၍ ထွန်ယက်စိုက်ပျိုးသွားမည်ဟု ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ ကျောက်စရစ်ကျေးရွာမှ ကိုရဲရင့်အောင် ကဆိုသည်။

မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် က “ညှိုနှိုင်းဖို့ဆင့်ခေါ်တာပါ။ဒါပေမယ့် ဝန်ကြီးချုပ် ခရီးစဉ်မှာ လိုအပ်တာတွေလိုက်လုပ်ပေးနေရတော့   တွေ့ဖို့နောက်ကျတာပါ။ ဒါကိုဆက်မစောင့်ပဲ သူတို့ပြန်သွားတာပါ။သူတို့ဘယ်လို  ဆောင်ရွက်မယ်ဆိုတာမသိရသေးဘူး။ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီလုပ်ဖို့တားသွားပါမယ်။ “ဟုပြောသည်။

အဆိုပါမြေသိမ်းတိုက်ပွဲဆင်နွှဲမည့်သူများသည် အစိုးရသက်တမ်းကုန်သည်အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး နောက်အစိုးရအသစ်လက်ထက်တွင်လည်း သိမ်းဆည်းလယ်ယာမြေများပြန်လည် စွန့်လွှတ်ပေးရန်အတွက် အသနာခံစာများတင်၍ တောင်းဆိုမှုများပြုလုပ်သွားမည်ဟု ဒေသခံများကဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly