ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားတဲ့ ဘန်ကောက်ဆန္ဒပြပွဲတွေကို ရဲ ဖြိုခွင်း 

ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားတဲ့ ဘန်ကောက်ဆန္ဒပြပွဲတွေကို ရဲ ဖြိုခွင်း 
Photo - AFP

ဩဂုတ် ၁၂

ထိုင်းအစိုးရနဲ့ ၎င်းတို့ရဲ့ ကိုရိုနာကပ်ဘေးအပေါ် ကိုင်တွယ်ပုံကို ဆန့်ကျင်ကြပြီး ဆန္ဒပြသူတွေ စုရုံးကြတဲ့ ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့တော်မှာ ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြသမှုတွေကို ရဲတပ်ဖွဲ့ဟာ မီးသတ်ပိုက်တွေ၊ ရာဘာကျည်တွေနဲ့ မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးပြီး ဖြိုခွင်းပါတယ်။ 

ထိုင်းနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူ ၂၁၀၀၀ ရှိတာနဲ့ အတူ လက်ရှိအထိ အဆိုးဆုံး ကူးစက်ဖြစ်ပွားနေမှုကို ဟန့်တားရေးအတွက် လူစုရုံးတာကို တားမြစ်ထားချက်ကို ဖီဆန်အာခံပြီး ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။ 

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်တွေ နှေးကွေးတာအပြင် ကန့်သတ်စည်းမျဉ်းတွေကြောင့် ဘဏ္ဍာရေး အကျပ်ဆိုက်ရတာတွေက ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အစိုးရအပေါ် ပြည်သူတွေရဲ့ စိတ်ဆိုးဒေါသကို လောင်စာထိုးပေးလျက် ရှိနေပါတယ်။ 

ဘန်ကောက်က အောင်မြင်မှုအထိမ်းအမှတ် အဆောက်အအုံဘေး အဓိကလမ်းဆုံကြီးမှာ ဆန္ဒပြသူ ၁၅၀ ခန့် ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက စုရုံးကြပြီး ပရာယွတ်ရဲ့ အိမ်တော်ရာဆီ ဦးတည်ချီတက်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ 

အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ ရောက်လာတာကြောင့် အလျင်အမြန် လူစုခွဲလိုက်ကြပေမယ့် ပြန်လည် လူစုတာကြောင့် ညနေပိုင်းအထိ ဆန္ဒပြသူတွေနဲ့ တာဝန်ရှိသူတွေဟာ လူခွဲလိုက်၊ ပြန်စုလိုက် ဖြစ်နေခဲ့တာပါ။ 

အစောပိုင်းမှာ ဆန္ဒပြသူတွေဟာ အရင် ဆန္ဒပြပွဲတွေက ခေါင်းဆောင်တွေကို အာမခံပေးဖို့ ငြင်းခဲ့တဲ့ တရားသူကြီးတစ်ဦးရဲ့ ပုံတူကို မီးရှို့ခဲ့ကြပါတယ်။ 

“ရဲတွေက ကျွန်တော်တို့ရဲ့ ရန်ဖက်တွေ မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ရန်သူစစ်စစ်တွေဟာ အစိုးရပဲ”လို့ ဆန္ဒပြသူတစ်ဦးက လူအုပ်ကို ပြောပါတယ်။ 

ဒီနောက်ပိုင်းမှာတော့ အာဏာပိုင်တွေဟာ ပရာယွတ် အိမ်တော်ရာဆီ သွားရာလမ်းကြောင်းကို သင်္ဘောကွန်တိန်နာတွေနဲ့ ပိတ်ဆို့လိုက်ကြပါတယ်။ လမ်းကုန်းတက်တစ်ခုကနေ ရဲတွေဟာ ရာဘာကျည်တွေနဲ့ မျက်ရည်ယိုဗုံးတွေ ပစ်ခတ်တာကြောင့် မိုးသည်းသည်း ရွာနေတဲ့အောက်မှာ သီးခြားထိပ်တိုက်တွေ့မှုတစ်ရပ်လည်း ဖြစ်ပွားခဲ့ပါတယ်။ 

ဆန္ဒပြသူတွေကလည်း ရရာလက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ရဲထရပ်ကားတစ်စီးကို မီးတင်ရှို့တာကြောင့်  မီးခိုးလုံးမည်းတွေ လွင့်တက်နေခဲ့ပါတယ်။ 

ရဲတွေဟာ မီးသတ်ပိုက်တွေနဲ့ပါ ဖြိုခွင်းလာပြီး ထိပ်တိုက်တွေ့မှုတွေ ညနေပိုင်းအထိ ပြတ်တောင်းပြတ်တောင်း ဖြစ်ပွားပေါ်ပေါက်ခဲ့တာပါ။ 

တာဝန်ရှိသူ ရှစ်ဦး ဒဏ်ရာရရှိရာမှာ အများစုက ဆန္ဒပြသူတွေက ဗြောက်အိုးတွေ ခွဲပစ်ဖောက်တာကြောင့်လို့ ရဲက ပြောပြီး ဆန္ဒပြသူ ၁၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

“ဆန္ဒပြသူတွေဟာ ရဲတွေကို မီးရှူးမီးပန်းတွေ၊ ပင်ပေါင်ဗုံးတွေနဲ့ လောက်လေးခွတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်တာဖြစ်တယ်”ဆိုပြီး တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ကစ္စနာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

အင်္ဂါနေ့ကလည်း ဘန်ကောက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ကြပြီး ၄၈ ဦး အဖမ်းခံရကာ တာဝန်ရှိသူ ကိုးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly