အာဖဂန်ဒုက္ခသည်များအတွက် ပါကစ္စတန်နယ်စပ်ဖွင့်ထားရန် အမေရိကန် လိုလား

အာဖဂန်ဒုက္ခသည်များအတွက် ပါကစ္စတန်နယ်စပ်ဖွင့်ထားရန် အမေရိကန် လိုလား

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဆုတ်ခွာပြီးနောက် တာလီဘန်များကြောင့် အကြမ်းဖက်မှုများ အရှိန်မြင့် နေသဖြင့် ပါကစ္စတန်-အာဖဂန်နစ္စတန်နယ်စပ်သို့ အာဖဂန်ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှု များပြားလျက်ရှိသည်။

အဆိုပါ အခြေအနေများကြောင့် ပါကစ္စတန်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နှင့် နယ်စပ်ကို အာဖဂန် ဒုက္ခသည်များ အတွက် ဖွင့်ထားပေးရန် အမေရိကန်က လိုလားသည်ဟု Dawn သတင်းဌာနက ဖော်ပြသည်။

“ပါကစ္စတန်လိုနေရာမျိုးမှာ နယ်စပ်တွေဖွင့်ထားဖို့ အရေးကြီးပါတယ်” ဟု အာဖဂန်နစ္စတန် နိုင်ငံသားများအတွက် အမေရိကန်၏ ဒုက္ခသည် ပြည်ဝင်ခွင့် အစီအစဉ်သစ်အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက် များကို ပြောကြားသည်။

“ လူတွေက မြောက်ဘက်ကိုသွားရင်ဖြစ်ဖြစ်၊ အီရန်ကတဆင့် တူရကီကိုသွားရင်ဖြစ်ဖြစ်၊ နှစ်နေရာစလုံးမှာ ပြည်ဝင်ဖို့အခွင့်အရေးရှိခဲ့ရင် အစိုးရဆီမှာ ဖြစ်ဖြစ်၊ ကုလသမဂ္ဂဒုက္ခည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာဖြစ်ဖြစ် မှတ်ပုံတင်ရပါမယ်” ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

သို့သော် ပါကစ္စတန်က ထိုကဲ့သို့ ပြုလုပ်ရန် တွန့်ဆုတ်နေပုံရသည်။ ၁၉၇၉ ခုနှစ်မှစ၍ ပါကစ္စတန်က အာဖဂန် နိုင်ငံသားသန်းပေါင်းများစွာကို လက်ခံထားပြီး အာဖဂန်သုံးသန်းကျော်သည် ပါကစ္စတန်တွင် အမြဲတမ်းအခြေချ နေထိုင်လျက်ရှိသည်။

ပါကစ္စတန်အရာရှိများက တိုင်းပြည်၏ စီးပွားရေးသည် ဒုက္ခသည်များကို ပိုမိုခေါ်ယူရန်လုံလောက်မှုမရှိကြောင်း ငြင်းထုတ်ထုတ်ထားသည်ဟု Dawn က ဖော်ပြခဲ့သည်။

ပါကစ္စတန်အမျိုးသားလုံခြုံရေးအကြံပေး မိုအိဒ်ယူဆွတ်ဖ်က ယခုသီတင်းပတ်တွင် ဝါရှင်တန်သို့ ရောက်ရှိနေပြီး ဝါရှင်တန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အိုးအိမ်စွန့်ခွာထွက်ပြေးလာသော အာဖဂန် လူမျိုးများအား ပါကစ္စတန်သို့ တွန်းပို့မည့်အစား အာဖဂန်တွင်ပင် နေထိုင်နိုင်ရေးအတွက် အစီအစဉ်များ ပြုလုပ်ပေးသင့်ကြောင်းပြောကြားခဲ့သည်။

"သူတို့ကို ဘာဖြစ်လို့ အိမ်ယာမဲ့ဖြစ်အောင်လုပ်နေတာလဲ။ သူတို့နိုင်ငံအတွင်းမှာဘဲ သူတို့အတွက် စီစဉ်ပေးလိုက်ပါ။ ပါကစ္စတန်က ဒုက္ခသည်တွေ ထပ်ခေါ်ယူဖို့ စွမ်းရည်မရှိဘူး။ "

အထူးလူဝင်မှုဗီဇာ (SIV) အရ လုပ်ကိုင်နေသော စကားပြန်နှင့် အမေရိကန်အစိုးရ အေဂျင်စီ များအတွက် အလုပ်လုပ်သော အခြားသူများနှင့် ၎င်းတို့၏ မိသားစုများကို ကယ်ဆယ်ရန် ကြိုးစားနေချိန်တွင် အမေရိကန်၏ ယင်းတောင်းဆိုချက်ကြောင့် နှစ်နိုင်ငံအကြားတင်းမာနေသော ဆက်ဆံရေးကို ပိုမိုထိခိုက်စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly