အာဖဂန်နယ်စပ် တာဂျစ်ကစ္စတန်က အကြီးစား ချေမှုန်းရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရုရှ အပြီးသတ် 

အာဖဂန်နယ်စပ် တာဂျစ်ကစ္စတန်က အကြီးစား ချေမှုန်းရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရုရှ အပြီးသတ် 
Photo - AFP

ဩဂုတ် ၁၁

တာဂျစ်ကစ္စတန်နိုင်ငံမှာ အကြီးစား ချေမှုန်းရေး စစ်ကစားလေ့ကျင့်မှုတွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရုရှနိုင်ငံဟာ အင်္ဂါနေ့မှာ အပြီးသတ်ပြီ ဖြစ်ပါတယ်။  

အာဖဂန်နစ္စတန် နယ်စပ်ဖက်တစ်လွှားမှာ တာလီဘန်တွေက မြောက်ပိုင်းနယ်မြေတွေကို တင်းပြည့်ကြပ်ပြည့် ထိန်းချုပ်နိုင်တော့ဖို့ အောင်နိုင်စိတ်  မွေးထားနိုင်ပြီဖြစ်တဲ့အချိန်အခါမှာလည်းပဲ ဖြစ်ပါတယ်။ 

ရုရှနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိထားတဲ့ အလယ်အာရှက ဆိုဗီယက်ဟောင်းနိုင်ငံတွေက အစိုးရတွေအနေနဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံမှာ ပဋိပက္ခတွေ တစ်ရစ်ထက်တစ်ရစ် တိုးလို့ အရှိန်မြင့်လာတာအပေါ် သတိပေးတပ်လှန့်ထားချိန်လည်း ဖြစ်ပါတယ်။ 

အာဖဂန်နိုင်ငံမှာ အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲကနေ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ အကုန်အစင် တပ်ရုပ်သိမ်းဖို့ စတင်ဆောင်ရွက်လာချိန်မှာ တာလီဘန်တွေရဲ့ ထိုးစစ်တွေ ပြင်းထန်လို့နေတာပဲ ဖြစ်ပါတယ်။ 

တာဂျစ်ကစ္စတန်က ခါ့ဘ်မိုင်ဒွန်လေ့ကျင့်ရေး မြေပြင်မှာ စစ်ရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ ဝေဟင်မှာ ဝဲပျံနေပြီး တင့်ကားတွေဟာလည်း တိုက်ခိုက်ရေးတပ်ဖွဲ့ပုံစံနဲ့ ယှဉ်မောင်းနေကြတာတွေကို အေအက်ဖ်ပီသတင်းထောက်တစ်ဦးက မြင်တွေ့သတင်းပေးပို့ပါတယ်။ 

အစွန်းရောက်တွေက တောင်ပိုင်းကနေ ကျူးကျော်ဝင်ရောက်လာတာကို ချေမှုန်းရေး သဏ္ဍာန်တု ပစ်မှတ်တွေနဲ့ ရုရှ၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်က တပ်ဖွဲ့ဝင်တွေဟာ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြတာပါ။ 

သီတင်းပတ်တာ ကြာမြင့်တဲ့ အခု စစ်ရေးလေ့ကျင့်မှု မတိုင်ခင်မှာလည်း အာဖဂန်နစ္စတန်နယ်စပ်အနီးမှာ ရုရှ - ဥဇဘက်ကစ္စတန် ပူးတွဲစစ်ရေးလေ့ကျင့်မှုက ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ပြီးစီးထားတာ ဖြစ်ပါတယ်။ 

‘အာဖဂန်နစ္စတန်နိုင်ငံက အခြေအနေဟာ တိုးလို့ ဆိုးဝါးလာနေပြီး ဘာသာရေးအစွန်းရောက်အုပ်စုတွေရဲ့ အလယ်အာရှနိုင်ငံတွေက နယ်စပ်တွေကို ထိုးဖောက်စိမ့်ဝင်မယ် ခြိမ်းခြောက်မှုတွေ’ကြားမှာ တပ်အင်အား ၂၅၀၀ နဲ့ အခု စစ်ရေးလေ့ကျင့်မှုကြီးကို လုပ်ဆောင်တာဖြစ်တယ်လို့ ရုရှ ဗဟိုစစ်ခရိုင် တပ်မှူး အလက်ဇန္ဒြားလာပင်က သတင်းထောက်တွေကို ပြောပါတယ်။ 

သုံးနိုင်ငံက စစ်တပ်ဟာ ‘ဦးဆောင်စီမံမှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုမှာ မြင့်မားတဲ့အဆင့်ထိ စွမ်းဆောင်နိုင်’ခဲ့တယ်လို့ ခြောက်သွေ့ဒေသရဲ့ သဲမုန်တိုင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခု စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး လာပင်က ပြောပါတယ်။ 

အခု စစ်ရေးလေ့ကျင့်မှုမှာ ပုခုံးထမ်း လေရန်ကာစနစ်တွေ၊ သေနတ်တွေနဲ့ ရိုင်ဖယ်တွေကို အဆင့်မြှင့်တင်ဖို့အတွက် တာဂျစ်ကစ္စတန်က ရုရှစစ်အခြေစိုက်စခန်းဆီ ပေးပို့ခဲ့တာမျိုးလည်း ဆောင်ရွက်ပါရှိတယ်လို့ အလယ်ပိုင်းစစ်ခရိုင်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly