မန္တလေးတွင် စစ်သား၂ ဦးအပစ်ခံရ ၁ ဦးသေ ၁ ဦးဒဏ်ရာရ

မန္တလေးတွင် စစ်သား၂ ဦးအပစ်ခံရ ၁ ဦးသေ ၁ ဦးဒဏ်ရာရ
ဓာတ်ပုံ - EPA

ဩဂုတ် ၁၁

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင်း ကင်းစောင့်နေသည့် စစ်သားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရသောကြောင့် တစ်ဦးသေကာ တစ်ဦးဒဏ်ရာရသွားမှု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် ကျန်စစ်သားလမ်းမပေါ်တွင် သဲအိတ်အကာအကွယ်ဖြင့် ကင်းစောင့်နေသည့် စစ်သားနှစ်ဦးကို ဆိုင်ကယ်စီးလူနှစ်ဦးက လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

"မနက် ၆ နာရီကျော်ကျော်လောက်က လမ်းရပ်ကွက်ရုံးအနီးမှာ ကင်းစောင့်နေတဲ့စစ်သားနှစ်ယောက်ကို ဆိုင်ကယ်နဲ့လာပစ်တာ၊ဆိုင်ကယ်ပေါ်ကတောင်မဆင်းဘူး၊ ခြောက်ချက်လောက်တော့ပစ်သွားကြတယ်၊ တစ်ဦးတော့ ပွဲချင်းပြီးသေတာပဲ၊ နောက်တစ်ဦးကတော့လက်မောင်းကိုထိသွားတာ၊ ရပ်ကွက်ရုံးထဲမှာကျန်နေတဲ့သူတွေက ထွက်ပြီး ရမ်းသမ်းပစ်တာမျိုးတော့ရှိတယ်" ဟု မျက်မြင်တွေ့သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်အပြီး မကြာခင်တွင် စစ်ကောင်စီတပ်ရောက်လာပြီး သေဆုံးသူနှင့် ဒဏ်ရာရသူတို့ကို သယ်ဆောင်သွားကြသည်။ ထို့နောက်လမ်းပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေခဲ့သည်။

မန္တလေးတွင် မနေ့ကလည်း ၆၂ လမ်း တွတ်ပီကွေ့တွင် ညနေခင်း ၅ နာရီအချိန်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly