စစ်အုပ်စုနှင့်အကြား သ‌ဘောတူညီချက်ဖြင့် မြန်မာစီမံကိန်းများအတွက် တရုတ်က ငွေကြေး ထောက်ပံ့မည်

စစ်အုပ်စုနှင့်အကြား သ‌ဘောတူညီချက်ဖြင့် မြန်မာစီမံကိန်းများအတွက် တရုတ်က ငွေကြေး ထောက်ပံ့မည်
Photo - AFP

ဩဂုတ် ၁၁

တရုတ်သည် မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေ ထောက်ပံ့ရန် မြန်မာသို့ ဒေါ်လာ ၆ သန်းကျော် လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းသည် ဖေဖေါ်ဝါရီ ၁ ရက်က ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖြုတ်ချပြီး အာဏာသိမ်းယူထားခဲ့သည့် အာဏာသိမ်းစစ်အုပ်စု လက်အောက်တွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြန်စနေသည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။

ဒီမိုကရေစီကို ထိခိုက်စေမှု၊ အတိုက်အခံဆန့်ကျင်သူများကို သတ်ဖြတ်၊ ထောင်ချမှုတို့အတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အနောက်နိုင်ငံများက ပြစ်တင်ရှုတ်ချထားသော်ငြား တရုတ်နိုင်ငံကမူ ပိုမို ပျော့ပြောင်းသည့် သဘောထားတစ်ခု ထားရှိခဲ့ပြီး ယင်း၏ ဦးစားပေးမှုများက မြန်မာနိုင်ငံတွင်း တည်ငြိမ်မှု ရှိရေးနှင့် အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းရေး မစွက်ဖက်ရေးပင် ဖြစ်သည်ဟု ဆိုထားခဲ့သည်။

စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် အထက်ပါ ရန်ပုံငွေများသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အတွင်း စီမံကိန်းများအတွက် တရုတ်ကနေ လွှဲပြောင်းပေးအပ်ရန် ရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။ စီမံကိန်းများထဲတွင် တိရစ္ဆာန်ကာကွယ်ဆေးထုတ်လုပ်မှု၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွား နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စသည့် နယ်ပယ်များတွင် ဖော်ဆောင်သွားမည့် စီမံကိန်းများ ပါဝင်ကြောင်း ယင်းက ပြောသည်။

သဘောတူညီချက်တစ်ရပ်ကို သြဂုတ် ၉ ရက်က မြန်မာဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့်အကြား လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို လက်မှတ်ရေးထိုးမှုကို တရုတ်သံရုံး၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင်လည်း အတည်ပြုခဲ့သည်။

ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းဖမ်းဆီးပြီး မြန်မာစစ်တပ်က အာဏာသိမ်းမှုအပေါ် တရုတ်က ထောက်ခံပံ့ပိုးနေကြောင်း အာဏာသိမ်းစစ်အုပ်စု ဆန့်ကျင်သူများက စွပ်စွဲထားခဲ့ကြသည်။ ပေကျင်းက ယင်းကဲ့သို့သော စွပ်စွဲချက်များကို ပယ်ချထားခဲ့ပြီး ယင်းအနေဖြင့် အကျပ်အတည်းနှင့်ပတ်သက်ပြီး ဒေသဆိုင်ရာ ဒစ်ပလိုမေစီကို ထောက်ခံကြောင်း ဆိုထားခဲ့သည်။

အနောက်နိုင်ငံများက မြန်မာထံ အရေးပေါ် အကူအညီတစ်ချို့ ဆက်လက် ထောက်ပံ့ပေးထားပြီး ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားခြင်းကြောင့် ထိခိုက်ခံစားနေရသည့် မြန်မာနိုင်ငံရှိ ပြည်သူများကို ထောက်ပံ့ရန် အမေရိကန်က ကန်ဒေါ်လာ သန်း ၅၀ ကူညီမည့်အကြောင်း သြဂုတ် ၁၀ ရက်က ထုတ်ပြန်ကြေညာထားခဲ့သည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှု ကြီးထွားထားခဲ့ပြီး နိုင်ငံကို ဖြတ်သန်းသည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းများ ဖွင့်လှစ်ခြင်းနှင့်အတူ စီးပွားရေးဇုန်များနှင့် အဓိက ဆိပ်ကမ်းဖော်ဆောင်မှုတစ်ခု နှင့်ပတ်သက်သည့် အစီအစဉ်များ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly