ဘန်ကောက်ဆန္ဒပြပွဲတွေကို အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက ရာဘာကျည်နဲ့ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး ဖြိုခွင်း 

ဘန်ကောက်ဆန္ဒပြပွဲတွေကို အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက ရာဘာကျည်နဲ့ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး ဖြိုခွင်း 
Photo - AFP

ဩဂုတ် ၁၁

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်နဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို အစိုးရရဲ့ ကိုင်တွယ်ပုံကို ဆန့်ကျင်တဲ့ ဘန်ကောက် အင်္ဂါနေ့ ဆန္ဒပြပွဲတွေကို အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက မီးသတ်ပိုက်တွေ၊ ရာဘာကျည်တွေနဲ့ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး ဖြိုခွင်းကြပါတယ် 

နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၀၀၀၀ ဝန်းကျင် ရှိနေပြီး လက်ရှိအထိ အဆိုးဆုံး ကူးစက်ဖြစ်ပွားနေမှုကို နှိမ်နင်းနိုင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ ကြိုးပမ်းနေရတာကြောင့် လူစုလူဝေး စုရုံးမှုကို တားမြစ်ထားပေမယ့် အာခံဖီဆန်ပြီး ခုလို ဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရေး လုပ်ဆောင်ချက်တွေ စတင်ဖို့ နှေးကွေးလေးကန်တာနဲ့ ကန့်သတ်စည်းမျဉ်းတွေနဲ့ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ပိတ်ရတာကြောင့် စီးပွားရေး အထိနာနေမှုတွေဟာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရအပေါ် ဖိအားတွေ တိုးလို့ ကျရောက်နေလျက် ရှိနေတာပါ။ 

ရာပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဘန်ကောက်က မြို့လမ်းတွေတစ်လျှောက် ဆန္ဒပြလမ်းကြောင်းအတိုင်း ကားတွေ၊ ဆိုင်ကယ်တွေနဲ့လည်း လည့်ပတ်ဆန္ဒပြကြပါတယ်။ ညနေမတိုင်ခင်မှာပဲ ဆန္ဒပြပွဲတွေဟာ ရဲတွေနဲ့ ထိပ်တိုက်တွေ့မှု ဖြစ်လာတော့တာပါ။ 

လူအုပ်ကို မီးသတ်ပိုက်တွေနဲ့ ထိုးပြီး ရာဘာကျည်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေ ပစ်လွှတ်တဲ့ တာဝန်ရှိသူတွေကို ဆန္ဒပြသူအချို့က မီးရှုးမီးပန်းတွေ၊ ဗြောက်အိုးတွေနဲ့ ပြန်လည်ပစ်ပေါက်ကြပါတယ်။ ယာဉ်ထိန်းရဲရုံ နှစ်ရုံလည်း မီးရှို့ခံရပါတယ်။ 

အများပြည်သူကျန်းမာရေးဝန်ကြီး အနုတင်နဲ့ ပတ်သက်ဆက်နွယ်တဲ့ Sino-Thai Engineering and Construction ကုမ္ပဏီရဲ့ ဆိုင်းဘုတ်ကိုလည်း ဝက်သွေးတွေနဲ့ ဆန္ဒပြသူတွေဟာ ပက်ဖျန်းပြီး ဖျက်ဆီးကြပါတယ်။ 

အစိုးရကို ထောက်ခံနေတယ်လို့ ယူဆထားတဲ့ အခွန် အများစု ကင်းလွတ်ခွင့်ရတဲ့ King Power ကုမ္ပဏီရဲ့ ဆိုင်းဘုတ်ကိုလည်း ပစ်မှတ်ထားခဲ့ကြပါတယ်။ 

“အာဏာရှင် ပရာယွတ်ချန်အိုချာ အစိုးရဟာ အုပ်ချုပ်သူအတန်းအစားအတွက်ပဲ ကာကွယ်ဆေးကို ရှာဖွေ၊ ခွဲဝေ၊ ဖြန့်ဖြူးပေးနေဆဲပဲ၊ ပြည်သူတွေကိုတော့ နာမကျန်းဖြစ်အောင်၊ အသက်ဆုံးရှုံးအောင် ကံတရားအတိုင်းပဲဆိုပြီး ပစ်ထားတယ်”လို့ ကျောင်းသားတက်ကြွလှုပ်ရှားသူ ဘန်ဂျာအက်ပန်က လူအုပ်ကို မိန့်ခွန်းပြောပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး အများပြည်သူ ကျန်းမာရေး ထိခိုက်အောင် မလုပ်ကြဖို့ဆိုပြီး ဆန္ဒပြပွဲမတိုင်ခင်မှာ ရဲတွေက ဆန္ဒပြသူတွေကို သတိပေးခဲ့ပါတယ်။ 

“ဆန္ဒပြသူတွေဟာ အကြမ်းဖက်နည်းလမ်းတွေ သုံးကြတယ်၊ ကျောက်တုံးတွေ၊ အုတ်နီခဲတွေ၊ ဓားမြောင်တွေ၊ ဗြောက်အိုးတွေ၊ မီးရှုးမီးပန်းကြီးတွေနဲ့ ပင်ပေါင်ဗုံးတွေလို လက်နက်အမျိုးမျိုးနဲ့ ရဲတွေကို တိုက်ခိုက်ကြတယ်”ဆိုပြီး ထိပ်တိုက်တွေ့မှုအပြီး မြို့တော်ရဲတပ်ဖွဲ့ဗျူရို လက်ထောက်ကော်မရှင်နာမင်းကြီး ပီယာတာဝီချိုင်က သတင်းထောက်တွေကို ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ လူငယ်တွေ ဦးဆောင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု ပြီးခဲ့တဲ့နှစ်က စတင်ပေါ်ပေါက်ပြီး ပြည်သူထောင်ပေါင်းများစွာ လိုက်ပါလာကာ ၂၀၁၄ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ဦးစီးချုပ်အကြီးအကဲ ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီ လှုပ်ရှားမှုဟာ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကိုပါ တောင်းဆိုလာပြီး ကာလရှည် အမြစ်တွယ်နေတဲ့ အယူစွဲကို ချေဖျက်ပစ်ခဲ့ပါတယ်။ ဆန္ဒပြသူ သုံးလေးဆယ်ထက်မနည်းဟာ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ တော်ဝင်အသရေဖျက်မှု စွဲချက်မျိုစုံနဲ့ ဖမ်းဆီး တရားရုံးတင် အမှုစွဲဆိုခံခဲ့ကြရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly