အာဏာပိုမိုချုပ်ကိုင်နိုင်ရန် မြန်မာစစ်ခေါင်းဆောင် ရည်မှန်းနေဟု ကုလသံတမန် ပြော

အာဏာပိုမိုချုပ်ကိုင်နိုင်ရန် မြန်မာစစ်ခေါင်းဆောင် ရည်မှန်းနေဟု ကုလသံတမန် ပြော

ဩဂုတ် ၁၁

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်သည် ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာကို ပိုမိုချုပ်ကိုင်သွားနိုင်ရန် ရည်မှန်းလုပ်ဆောင်နေပုံပေါ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်က သြဂုတ် ၁၀ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ မကြာမီ ဖျက်သိမ်းခံရနိုင်ကြောင်းလည်း ၎င်းက ပြောသွားခဲ့သည်။

အာဏာသိမ်းစစ်တပ်‌ခေါင်းဆောင် မင်းအောင်လှိုင်က အိမ်စောင့်အစိုးရဖွဲ့ပြီး ၎င်းသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမည့်အကြောင်း ယခုလထဲ ကြေညာခဲ့မှုနှင့် ‌ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပြတ်အသတ် အနိုင်ရခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်များ ဖျက်သိမ်းခဲ့မှုတို့ကို ကိုးကားပြီး ကုလအထူးသံတမန် ခရစ္စတင်း ရှာရန်နာ ဘာဂျီနာက အထက်ပါအတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

“မကြာခင်မှာ NLD ပါတီ ဖျက်သိမ်းခံရတာမျိုး ကြားရမှာကို ကျွန်မ ပူပန်နေမိပါတယ်၊ ဒါဟာဆိုရင် နိုင်ငံတကာအရေးယူ လုပ်ဆောင်မှုတွေ ကင်းမဲ့တာနဲ့ ယှဉ်ပြီး တစ်ဘက်မှာ တရားဝင် ဖြစ်မှုကို အထောက်အပံ့ဖြစ်စေဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်” ဟု ဘာဂျီနာက သတင်းထောက်များကို ပြောသွားသည်။ “ကျွန်မ ရှင်းရှင်းလင်းလင်း ပြောချင်တာက အစိုးရတွေနဲ့ပတ်သက်လို့ အသိအမှတ်ပြုမှုအပိုင်းက ကုလ ဆိုတာထက် အဖွဲ့ဝင်နိုင်ငံတွေအပေါ်မှာပဲ မူတည်တယ်ဆိုတာပါပဲ” ဟု သူမက ပြောသွားခဲ့သည်။

ကုလ အဖွဲ့ဝင်နိုင်ငံများဘက်က အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်နေချိန် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သူဖြစ်သည့် ဦးကျော်မိုးထွန်းမှာ လက်ရှိအချိန်တွင် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တရားဝင်ရှိနေဆဲဖြစ်သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့သည်သာ နိုင်ငံ၏ ခေါင်းဆောင်များ ဖြစ်ကြသည်ဟု သူမက ပြောသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုက စစ်တပ်တွင် ၁၉၉၅ ခုနှစ်မှ ၂၀၂၁ အထိ တာဝန်ထမ်းခဲ့သည့် ဦးအောင်သူရိန်ကို ကုလဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်လိုနေသည်ဟု ပြောထားသည်။

ကုလဆိုင်ရာ ကိုယ်စားပြုမှုကို အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ အထွေထွေညီလာခံ၏ ပုံမှန်ညီလာခံအစည်းအဝေးစချိန် ခန့်အပ်သည့် နိုင်ငံကိုးနိုင်ငံပါ ကော်မတီတစ်ခုက ကနဦး စဉ်းစားရွေးချယ်ခြင်း ဖြစ်သည်။ ယခုနှစ် အထွေထွေညီလာခံ အစည်းအဝေးသည် စက်တင်ဘာတွင် စတင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံကို မည်သူက ကိုယ်စားပြုသင့်သည်လဲ ဆုံးဖြတ်ရန်မှာ အဖွဲ့ဝင်နိုင်ငံများအပေါ် မူတည်နေကြောင်းနှင့် ယင်းက “အရေးကြီးသည့် အခိုက်အတန့်” ဖြစ်ကြောင်း ရှရန်နာ ဘာဂျီနာက ပြောသွားခဲ့သည်။

“ဒါဟာ အာဏာသိမ်းမှုတစ်ခုအဖြစ် ကျွန်မကတော့ လက်ခံထားဆဲပါ၊ ပြီးတော့ အဲဒီအာဏာသိမ်းမှုဆိုတာကလည်း အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ထားတာမျိုး မရှိသေးပါဘူး၊ ဒါက တရားမဝင်တဲ့ လုပ်ရပ်တစ်ခုပါ၊ ကျွန်မတို့ဟာ NLD ကနေ တရားဝင်အစိုးရတစ်ရပ် ရှိနေဆဲပါ” ဟု သူမက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly