ဆွေးနွေးပွဲပြန်လုပ်ရန် မူဝါဒပြောင်းလဲပေးရေး တရုတ်၏ တောင်းဆိုချက်ကို လက်မခံဟု ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပြောကြား

By Straits Times
10 August 2021
ဆွေးနွေးပွဲပြန်လုပ်ရန် မူဝါဒပြောင်းလဲပေးရေး တရုတ်၏ တောင်းဆိုချက်ကို လက်မခံဟု ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပြောကြား

နှစ်နိုင်ငံ ဆွေး‌နွေးပွဲများ ပြန်လည်စတင်နိုင်ရန် မူဝါဒပြောင်းလဲရေးအတွက် တရုတ်အစိုးရ၏ တောင်းဆိုချက်ကို လက်ခံမည်မဟုတ်ကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီဆေ‌ပေနေးက ပြောကြားလိုက်သည်။

“ကျွန်မတို့ဘက်က အခြေအနေအချို့ကို ပြောင်းလဲပေးရင် နှစ်နိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲတွေကို ပြန်လည်စတင်နိုင်မယ်လို့ တရုတ်အစိုးရက ပြောလာပါတယ်။ သူတို့ပြောတဲ့ အခြေအနေတွေကို လက်ရှိမှာ လုပ်မပေးနိုင်ပါဘူး” ဟု ပေနေး ကင်ဘာရာမြို့တွင် ဩဂုတ် ၅ ရက်က ဩစတြေးလျ-တရုတ်စီးပွားရေးကောင်စီ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဟွာဝေးကုမ္ပဏီ၏ 5G အင်တာနက်ကွန်ရက်သစ်ကို ဩစတြေးလျက ၂၀၁၈ ခုနှစ်တွင် နိုင်ငံတွင်း အသုံးပြုခွင့်အား ပိတ်ပင်ခဲ့ပြီးနောက် တရုတ်နှင့် ဆက်ဆံရေး တင်းမာလာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ မူလအစကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ယမန်နှစ်အတွင်း ဩစတြေးလျက တောင်းဆိုခဲ့ပြီးနောက် ဆက်ဆံရေး အေးစက်လာခဲ့သည်။

တရုတ်အစိုးရက တုံပြန်သည့်အနေဖြင့် ဩစတြေးလျနိုင်ငံမှ ဝိုင်၊ ဘာလီအပါအဝင် ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်ခဲ့သလို အမဲသား၊ကျော်မီးသွေးနှင့် စပျစ်တင်သွင်းခွင့်များကိုလည်း ကန့်သတ်ခဲ့သည်။ပေကျင်းမြို့တွင် လာမည့်နှစ်အတွင်း ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲကြောင့် ဆွေးနွေးမှုများလည်း ဖြစ်လာနိုင်ကြောင်း ၎င်း၏ ပြောကြားချက်ကို News.com.au တွင် ဖော်ပြခဲ့သည်။

ပေနေး၏ ယခုပြောကြားချက်အပေါ် ကင်ဘဲရားရှိတရုတ်သံရုံးက မှတ်ချက်တစ်စုံတစ်ရာ ပေးမထားသေးပေ။

နှစ်နိုင်ငံအကြား တင်းမာမှုများရှိနေသော်လည်း တရုတ်သည် ဩစတြေးလျ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရှိနေသေးသည်။

မတ်လအထိ ၁၂ လတာကာလအတွင်း ဩစတြေးလျဒေါ်လာ ၁၄၉ ဘီလျံတန်ဖိုးရှိ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ သို့တင်ပို့ခဲ့ရာယမန်နှစ်ကာလထက် ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တရုတ်သို့ အဓိကတင်ပို့သည့် သံသတ္တုရိုင်းဈေးကောင်းရခဲ့သဖြင့်ပို့ကုန်ဝင်ငွေ ကောင်းမွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly