တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် အာဖဂန်ပြည်သူတွေ ကဘူးလ်မြို့တော်ဆီ ထွက်ပြေးခိုလှုံ 

တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် အာဖဂန်ပြည်သူတွေ ကဘူးလ်မြို့တော်ဆီ ထွက်ပြေးခိုလှုံ 
Photo - AFP

ဩဂုတ် ၁၀

တာလီဘန်တွေဟာ အာဖဂန်နစ္စတန် မြောက်ပိုင်းပြည်နယ်တွေမှာ တရစပ်ထိုးစစ်တွေ ဆင်နွှဲနေပြီး ပြည်နယ်မြို့တော်တွေကို သိမ်းပိုက်နေတာကြောင့် အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေကနေ အာဖဂန်ပြည်သူတွေဟာ ကဘူးလ်မြို့တော်ဆီ ထွက်ပြေးခိုလှုံနေကြရပါတယ်။ 

မြောက်ပိုင်းနယ်တစ်လွှားမှာ စနေ၊ တနင်္ဂနွေက အလုံးအရင်း ထိုးစစ်တွေအပြီးမှာ တနင်္လာနေ့မှာဆိုရင် တာလီဘန်တွေရဲ့ လက်အောက် ကျရောက်သွားရပြီဖြစ်တဲ့ ပြည်နယ်မြို့တော် ခြောက်ခုအထိ ရှိသွားခဲ့ပါပြီ။ 

မြို့သိမ်းတိုက်ပွဲတွေကို လျင်လျင်မြန်မြန် အောင်ပွဲဆင်နိုင်နေတဲ့ တာလီဘန်တွေရဲ့ ထိုးစစ်တန့်အောင်အတွက် အစိုးရတပ်တွေဟာ အပြင်းအထန် ကြိုးပမ်းနေရပါတယ်။ 

ဆာမန်ဂန်ပြည်နယ်မှာဆိုရင် မြို့တော် အစ်ဘတ်ကို တာလီဘန်တွေဟာ တိုက်ပွဲတစ်စုံတစ်ရာ မဆင်နွှဲရဘဲနဲ့ ဝင်ရောက်လာနိုင်ခဲ့တာပါ။ မြို့ဆင်ခြေဖုံးအရပ်တွေမှာ ထိပ်တိုက်တိုက်ပွဲတွေ သီတင်းပတ်ကြာ ပိုမို ပြင်းထန်လာတာကို ရှောင်ရှားနိုင်ဖို့ မြို့မိမြို့ဖတွေကနေ တာဝန်ရှိသူတွေကို မေတ္တာရပ်ခံတာကြောင့် ခုလို မြို့တော်ဟာ တာလီဘန်တွေ လက်အောက် လွယ်လင့်တကူ ကျရောက်သွားရတယ်လို့ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဆာမန်ဂါနီက ပြောပါတယ်။ 

“မြို့အကြီးအကဲတွေရဲ့ မေတ္တာရပ်ခံချက်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက လက်ခံပြီး မြို့ကနေ တပ်တွေအားလုံးကို ရုပ်သိမ်းလိုက်ရတာ ဖြစ်တယ်”ဆိုပြီး သူက ပြောကာ အခုဆိုရင် တာလီဘန်တွေက မြို့ကို ‘အပြည့်အဝ ထိန်းချုပ်’ထားပြီလို့ ဖြည့်စွက်ဆိုပါတယ်။ 

တာလီဘန်ပြောခွင့်ရသူတစ်ဦးကလည်း မြို့ကို သိမ်းနိုင်ကြောင်း အတည်ပြုပြောဆိုပါတယ်။ 

လက်ရှိမှာ တာလီဘန်တွေဟာ မြောက်ပိုင်းက ပြည်နယ်မြို့တော် ငါးခုကို ထိုးဖောက်နေပြီဖြစ်တာကြောင့် အစိုးရဟာ ဒေသအပေါ် ကွပ်ကဲထိန်းချုပ်နိုင်မှု ရုတ်ခြည်း ဆုံးရှုံးနေပြီဆိုပြီး စိုးရိမ်ကြောက်လန့်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ 

အာဖဂန်နစ္စတန်ရဲ့ ရေရှည်ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း တိုက်ပွဲတွေဟာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ နောက်ဆုံးအသုတ် တပ်ရုပ်သိမ်းမှု စတင်တဲ့ မေလကစလို့ အရှိန်မြင့် ဖြစ်ပွားလာတော့တာပါ။ ညွန့်ပေါင်းတပ်တွေအနေနဲ့ အခု လမကုန်ခင် တပ်တွေအားလုံး ရုပ်သိမ်းဖို့ စီစဉ်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 

အခုလို တပ်ရုပ်သိမ်းမယ့် အချိန်ဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြီး နှစ် ၂၀ ပြည့် မတိုင်ခင် အပြီးအစီး ဆောင်ရွက်မယ့် အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ 

စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကြီးကြောင့် အမေရိကန်ဦးဆောင်တဲ့ တပ်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံထဲ ဝင်ရောက်ပြီး ၂၀၀၁ ခုနှစ်မှာ ပထမဆုံး တာလီဘန်အစိုးရကို ဖြုတ်ချခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly