အက်စတွန်ဗီလာနဲ့ လမ်းခွဲရာမှာ သူလည်း မက်ဆီလို ငိုကြွေးခဲ့တယ်လို့ မန်စီးတီးကွင်းလယ်ကစားသမားသစ် ဂရီးလစ်ရှ် ပြော

အက်စတွန်ဗီလာနဲ့ လမ်းခွဲရာမှာ သူလည်း မက်ဆီလို ငိုကြွေးခဲ့တယ်လို့ မန်စီးတီးကွင်းလယ်ကစားသမားသစ် ဂရီးလစ်ရှ် ပြော
Photos: Man City/Twitter

ဂျက်ဂရီးလစ်ရှ်က မန်ချက်စတာစီးတီးအတွက် အက်စတွန်ဗီလာနဲ့ လမ်းခွဲရတာဟာ လီယွန်နယ်မက်ဆီရဲ့ ဘာစီလိုနာနဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲအတိုင်း စိတ်ခံစားထိခိုက်ရပြီး သူဟာ နှုတ်ဆက်စကားပြောရာမှာ မက်ဆီနည်းတူ ငိုကြွေးခဲ့ရတယ်လို့ ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ အသက် ၆ နှစ်အရွယ်ကတည်းက ဗီလာအသင်းကို ရောက်ရှိခဲ့ပေမယ့် နှစ် ၂၀ အကြာ ကြာသပတေးနေ့မှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ မန်စီးတီးက ခေါ်ယူခဲ့ပါတယ်။

မန်စီးတီးကစားသမားတစ်ဦးအနေနဲ့ မီဒီယာကို ပထမဆုံးအကြိမ် ပြောရာမှာ ကွင်းလယ်ကစားသမားက "မက်ဆီရဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာ ဘယ်လိုပုံစံလဲဆိုတာ အားလုံးမြင်တွေ့ခဲ့ကြမှာပါ။

"မက်ဆီခံစားရတဲ့ ပုံစံအတိုင်း ကျနော်လည်း ခံစားရပါတယ်။"

"ကျနော် ဟိုတယ်ကနေ မထွက်ခင် အသင်း၊ ဝန်ထမ်းတွေနဲ့ ကစားသမားတွေကို စကားပြောခဲ့ပြီး ကျနော် မျက်ရည်ကျခဲ့ရပါတယ်။"လို့ အင်္ဂလန်ကစားသမားက ဆက်ပြောခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာကနေ ထွက်ခွာသွားပြီဖြစ်တယ်လို့ တနင်္ဂနွေနေ့က အတည်ပြုခဲ့ပြီး သူဟာ မျက်ရည်ကျရင်း ကလပ်နဲ့ ၂၁ နှစ်ကြာ ပူးပေါင်းမှုကို အဆုံးသတ်ခဲ့ပါတယ်။

ဂရီးလစ်ရှ်က သူဟာ အသက် လေးနှစ်အရွယ်ကတည်းက အက်စတွန်ဗီလာအသင်းရဲ့ တစ်ရာသီစာ လက်မှတ်တစ်စောင်ကိုင်ဆောင်ခဲ့ဖူးပြီး ကလပ်အသင်းကနေ ထွက်ခွာသွားရတာဟာ "သူလုပ်ခဲ့ဖူးသမျှထဲက အခက်ခဲဆုံး ဆုံးဖြတ်ချက်တစ်ခု"ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျနော်အတွက် ရှေ့ဆက်ဖို့ အချိန်တန်ပြီလို့ အဲသလိုခံစားခဲ့ပါတယ်။"လို့ သူက ဆက်ပြောခဲ့ပါတယ်။

"ချန်ပီယံလိဂ်ကို ဘယ်လောက်အထိ ယှဉ်ပြိုင်ကစားချင်တယ်ဆိုတာ ကျနော် အမြဲပြောခဲ့ဖူးပါတယ်။ ဒါကို ဒီနှစ် ဗီလာမှာ ကျနော် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

"ဆုဖလား ဆွတ်ခူးဖို့နဲ့ ချန်ပီယံလိဂ်မှာ ကစားဖို့ ကျနော် ဒီကို ရောက်လာတာပါ။ ဒီတော့ ဒါဟာ အခုချိန် ကျနော့်ရဲ့ တစ်ခုတည်းသော အာရုံစိုက်မှုပါပဲ။"

ဂရီးလစ်ရှ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဟာ အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် အမြင့်ဆုံးပြောင်းရွှေ့ကြေးအဖြစ် ၂၀၁၆ ခုနှစ်က မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပေါလ်ပေါ့ဂ်ဘာရဲ့ ပေါင် ၈၉ သန်းကို ကျော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly