ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှု၏ နောက်ကွယ်မှ လက်နက်ပွဲစားကိစ္စ စုံစမ်းစစ်ဆေးရန် ထိုင်း အသင့်ရှိ

ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှု၏ နောက်ကွယ်မှ လက်နက်ပွဲစားကိစ္စ စုံစမ်းစစ်ဆေးရန် ထိုင်း အသင့်ရှိ

ဩဂုတ် ၁၀

အမေရိကန်ပြည်ထောင်စု နယူးယော့ခ်၏ ဝက်စ်ချက်စတာကောင်တီတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်မှုတွင် ထိုင်းမှ လက်နက်ပွဲစားတစ်ဦး ပါဝင်ပတ်သက်နေခဲ့သည် ဆိုသည့် ကိစ္စကို စုံစမ်းစစ်ဆေးသွားရန် အသင့်ရှိနေဟု တော်ဝင်ထိုင်းရဲတပ်ဖွဲ့ (RTP) က ပြောသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှုဖြင့် အမေရိကန်တွင် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးက အဆိုပါ ကြံစည်မှုတွင် ထိုင်းမှ လက်နက်ပွဲစားတစ်ဦးလည်း ပါဝင်ပတ်သက်နေသည်ဆိုပြီး ပြောဆိုထားခဲ့သည်။

“ခုထက်ထိတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်ဘက်က တော်ဝင်ထိုင်းရဲတပ်ဖွဲ့ဘက်ကို ဆက်သွယ်လာတာမျိုး မရှိသေးပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ကို အကူအညီတောင်းလာရင်တော့ ကူညီစုံစမ်းစစ်ဆေးပေးဖို့ အသင့်ရှိနေပါတယ်” ဟု တော်ဝင်ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကစ်ဆာနာ ပတ်သာနာချာရွန်းက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးကို တိုက်ခိုက်ရန်နှင့် ဖြစ်နိုင်ခြေ လုပ်ကြံသတ်ဖြတ်ရန်အတွက် နယူးယော့ခ်တွင် နေထိုင်သော မြန်မာနိုင်ငံသားနှစ်ဦးက ပြီးခဲ့သည့်လက ကြံစည်နေခဲ့ကြောင်း သြဂုတ် ၆ ရက်တွင် မန်ဟက်တန်ရှိ ဖက်ဒရယ်အစိုးရရှေ့နေများက ပြောခဲ့သည်။

သံအမတ်ကြီးကို တိုက်ခိုက်ရန် ကြံစည်မှုဖြင့် ဖမ်းဆီးအမှုဖွင့်ခံရသည့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့် ဖြိုးဟိန်းထွဋ်က ထွက်ဆိုရာတွင် ထိုင်းမှ လက်နက်ပွဲစားတစ်ဦးထံမှ ဆက်သွယ်ချိတ်ဆက်မှုကို ရရှိပြီးနောက် သံအမတ်ကြီးကို လက်ရှိ ရာထူးတာဝန်ကနေ ဆင်းပေးရန် ခြိမ်းခြောက်ဖိအားပေးရန်အလို့ငှာ ၎င်းအား ထိခိုက်အနာတရဖြစ်စေရေးအတွက် “တိုက်ခိုက်သူများ ငှားရမ်းရန်” သဘောတူခဲ့သည်ဟု ဆိုခဲ့သည်။ အကယ်၍ သံအမတ်ကြီးက ရာထူးကနေ ဖယ်ပေးရန် ငြင်းဆန်နေခဲ့ပါက ၎င်းအား အသက်သေစေအထိ ကျူးလွန်ရန် လက်နက်ပွဲစားက ပြောဆိုထားခဲ့ကြောင်းလည်း သိရသည်။

ယခုအခါ အမေရိကန်မြေပေါ်တွင် နိုင်ငံခြားသံအရာရှိကြီးတစ်ဦးကို တိုက်ခိုက်ရန် ပူးပေါင်းကြံစည်မှုဖြင့် စွဲချက်တင်ခံထားရသည့် အသက် ၂၈ နှစ်ရှိ ဖြိုးဟိန်းထွဋ်နှင့် အသက် ၂၀ နှစ် ရှိ ရဲဟိန်းဇော်တို့နှစ်ဦးသည် သြဂုတ် ၆ ရက်က ကနဦး တရားရုံးကြားနာမှုတစ်ခုအတွင်း လျှောက်လဲချက်များ ထွက်ဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required