ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်နှင့် စစ်ကောင်စီ ယနေ့တိုက်ပွဲဆက်ဖြစ်

By The Nation Voice
09 August 2021
ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်နှင့် စစ်ကောင်စီ ယနေ့တိုက်ပွဲဆက်ဖြစ်

ဩဂုတ် ၉

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့သည် ယနေ့ ဩဂုတ် ၉ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။

ဩဂုတ် ၈ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖရူဆိုမြို့နယ် အတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့၍ ယနေ့ နေ့လယ်နှင့် ညနေပိုင်း၌ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းသို့ ပင်လောင်းဘက်မှ စစ်ကြောင်းချီလာသည့် စစ်ကောင်စီ တပ်များကိုလည်း KNDFက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိပြီး သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ခဲ့သော်လည်း ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်မှ အဖွဲ့ဝင်များ ထိခိုက်မှုရှိမရှိကိုမူ ဖော်ပြမထားပေ။

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လအတွင်း လွိုင်ကော်နှင့် ဘောလခဲမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခု ဩဂုတ်လတွင် ဘောလခဲ၊ ဖရူဆိုနှင့် ဖယ်ခုံမြို့နယ်များ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်မှုများ၊မိုင်းဆွဲတိုက်ခိုက်မှုများ၊ ခြောင်းမြောင်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍ စစ်ကောင်စီတပ်ဘက်က ပိုမိုအထိနာခဲ့သည်ဟုဆိုသည်။

တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရပြီး အရေးပေါ် အကူအညီများလည်း လိုအပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly