နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၉ ဩဂုတ် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၉ ဩဂုတ် ၂၀၂၁)
ပုံ - ဩဂုတ်လ ၉ ရက်၊ ကလေးမြို့ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း(Photo - CJ)

 ရန်ကုန်တိုင်းဒေသကြီး

·         စစ်အာဏာရှင် ပြုတ်ကျရေးအတွက် GSC၊ GSCN ၊ AJMM နှင့် မြို့နယ်အစုံမှ သပိတ်စစ်ကြောင်း များစုပေါင်းပြီး ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲတွင် ဩဂုတ်လ ၉ ရက် နံနက် ၉ နာရီခန့်က ဆန္ဒပြခဲ့ကြသည်။

·         ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁၂၄) လမ်းနဲ့ (၁၂၅)လမ်း အနီးဝန်းကျင်မှာ လူငယ် များ နှင့် လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းကို စစ်ကောင်စီအဖွဲ့မှ  စစ်ဆေးနေကြောင်း သိရသည်။

·         ဒဂုံမြောက်မြို့နယ်တွင်  ပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ပြုလုပ်ခဲ့သည်။

·         ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် လူငယ်များမှ ၈၈၈၈ နှစ်ပတ်လည်နေ့ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ခဲ့သည်။

·         ခရမ်းမြို့နယ်တွင်အကြမ်းဖက်စစ်ဗိုလ်တစ်ဦး ပစ်သတ်ခံရပြီးနောက် ရဲနှင့် တပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် သွားလာရာတွင် သတိပြုကြရန် တပ်တွင်းနှိုးဆော်ထားကြောင်း သိရှိရသည်။

·         ရန်ကုန်တွင် ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ဖက်ဆစ်စစ်တပ် အမြတ်ဖြတ်ရေး နှင့်စစ်အာဏာရှင် စနစ် ဖြုတ်ချရေး ပြည်သူများက ချီတက် သပိတ်မှောက်ကြသည်။

·         ရန်ကုန်မြို့၊ ဒလမြို့နယ်၊ မြို့နယ်ခန်းမရှေ့တွင်  ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်၂ နာရီခွဲက အစောင့်ကျ နေသည့် အကြမ်းဖက်စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ကာ  စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး

·         မန္တလေး နန်းတော်ရှေ့ ၁၉ လမ်း အမှတ် ၁ ရဲစခန်းကို ယနေ့ သြဂုတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းက ဗုံးဖြင့် ပစ်ခံရပြီး ပေါက်ကွဲသံကျယ်လောင်စွာ ထွက်ပေါ်ကာ အပြန်အလှန် သေနတ်ပစ်သံများ လည်း ထွက်ပေါ်ခဲ့ ကြောင်း အနီးအနား ပတ်ဝန်းကျင်တွင် နေထိုင်သည့် ပြည်သူများက ပြောဆိုသည်။

·         မန္တလေး အကျဉ်းထောင်အတွင်းမှ သြဂုတ်လ ၈ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ထွက်ပေါ်သည့် ရုပ်သံဖိုင်ထွက်ပေါ်လာခဲ့ သော်လည်း ထောင်အာဏာပိုင်များက ယနေနံနက်ပိုင်းတွင် ဒေသတွင်းသတင်းဌာနတစ်ခုတွင် ငြင်းဆိုခဲ့သည်။

·         မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက  ဩဂုတ် ၉ ရက်၊ ရက်စွဲဖြင့် ထောင်းတွင်းဆန္ဒပြမှုတွင် ထောင်အာဏာပိုင်များက သေနတ်ပစ်ဖောက်ဖိနှိပ် ဖြိုခွင်းခြင်း  စစ်ကားများ ဝင်ရောက်ခြင်းများ  ကြောင့် နိုင်ငံရေး အကျဉ်းသားများ၏ လုံခြုံရေး စိုးရိမ်နေရသလို နိုင်ငံရေး အကျဉ်းသားများကို ဗစ်ကူးစက်မှုကို ဆေးကုသခွင့် ပိတ်ပင်တားဆီးခြင်းများ အတွက်လည်း စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။

·         မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ် ၉ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာ ပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

·         မိုးကုတ်မြို့တွင်  အချုပ်ထောင်ဝင်စာ ပါဆယ်မိုင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲဝန်ထမ်း ၃ ယောက် ဒဏ်ရာရရှိသည့် ဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ရဲအချုပ် ထောင်ဝင်စာများနှင့် အကျဉ်းထောင် ထောင်ဝင်စာများကို သြဂုတ် ၈ ရက် မနက်ပိုင်းကစလို့ ပိုမိုတင်းကြပ်စွာ စစ်ဆေးနေကြောင်း သိရသည်။

·         မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

·         စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ တော်လှန်ရေးလူငယ်များနှင့် ကျေးရွာတစ်ရွာမှ တောင်သူများ ပူးပေါင်းကာ သြဂုတ်လ ၉ ရက် နံနက်က ကောက်စိုက်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြကြသည်။

·         စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြောက်ဖက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းရှိ ရွာပေါင်းစုံသပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်တပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ကဗျာဆရာခက်သီကျဆုံးခြင်း ၃ လပြည့်နေ့အဖြစ် ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် သြဂုတ်လ ၉ ရက်နေ့ နံနက်က ၁၈၃ ရက်မြောက် ပင်မသပိတ် စစ်ကြောင်း ချီတက်ခဲ့ပြီး စစ်အာဏာရှင်မြစ်ပြတ်ပြုတ်ကျရေးအတွက် ကြွေးကြော် ဆန္ဒပြကြ သည်။

·         စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာအတွင်းသို့ အင်အား ၅၀ ခန့်ပါသော အကြမ်းဖက် စစ်ကောင်စီတပ်များ သေနတ်ဖောက်ဝင်ရောက်လာပြီး ရွာသားနှစ်ဦးကို လက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

·         စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စုပေါင်း သပိတ်စစ်ကြောင်းဟာ "၈၈ ကအကြွေးဟောင်း ကို ၂၁ မှာ အပြီးတောင်းမယ်"ဆိုပြီး ဩဂုတ် ၉ ရက်၊ မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ပါတယ်။

·         ကောလင်းမြို့အရှေ့အထွက် ကားကြီးဝင်းအနီးရှိ မြို့အဝင်ဂိတ်ကို ယနေ့ နံနက် ၉ နာရီကျော် အချိန်တွင် ဗုံး ၂ လုံးဖြင့် အထုခံရပြီး ဒုရဲအုပ် ၁ ဦး သေဆုံးကာ စစ်သား ၁ ဦးနှင့် ရဲ ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

·         စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင် သြဂုတ်လ ၈ ရက်က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် ဆိုင်ကယ် ၁၇ စီး ပျက်စီးကာ ဖုန်းဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်၊ ဆေးဆိုင်နှင့် နေအိမ်များ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်းရာချီ ရှိသည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

·         လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် ယနေ့ သြဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         ထားဝယ်မြို့တွင်ပြန်လည်နိုးထလာသည့် အာဇာနည်ရပ်ကွက် သပိတ်စစ်ကြောင်း တို့သြဂုတ်လ ၉ ရက် နေ့နံနက်ပိုင်းက 'အကြွေးဟောင်း အကြွေးသစ် ၂၁ မှာ အပြီးတောင်းမယ်"ခေါင်းစဉ်ဖြင့် စစ်အာ ဏာရှင် စနစ်ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

·         လောင်းလုံးမြို့နယ် အောက်ဖက်ကျေးလက်ဒေသတွင် ယနေ့ ကျရောက်သော ၈၈၈၈ နှစ်ပတ် လည်နေ့တွင် ' ၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း' အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူများ ဦးဆောင်ကာ ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·         လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာတွင် သြဂုတ်လ ၉ ရက် မွန်းလွဲပိုင်းက စစ် အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးအတွက် တော်လှန်ပြည်သူများမှ ပြောက်ကျားသပိတ်ဖြင့် ကြွေးကြော်ဆန္ဒပြကြသည်။

မကွေးတိုင်းဒေသကြီး

·         မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီထောက်တိုင်နေရာများ၌ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

·         မကွေးတိုင်းဒေသကြီး၊နတ်မောက် မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာက ဩဂုတ်၉ရက်၊မနက်ပိုင်းမှာ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

·         NUG အစိုးရကိုထောက်ခံကြောင်း ဩဂုတ် ၉ရက်၊အရုဏ်ဦးမှာ နတ်မောက် မြို့ ဒေသခံတစ်ဦးက ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

·         မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့ အကျဉ်းထောင်ထဲတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရကြောင်း သိရသည်။

ရှမ်းပြည်နယ်

·         ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ( ၆ ) ရက်ညပိုင်းတွင် အာဏာသိမ်းအဖွဲ့က PDF အဖွဲ့ဝင်ဟု စွပ်စွဲကာ နေအိမ်မှဖမ်းဆီးသွားသည့် အသက် ( ၂၂ )နှစ်အရွယ် လူငယ်အမျိုးသားမှာ ညှင်းပန်းခံရပြီး ခြေထောက်နှစ်ချောင်းကျိုးသွားသော်လည်း ဆေးကုသမှုခံ ယူခွင့်မရကြောင်း သိရသည်။

ကချင်ပြည်နယ်

·         ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်တွင် ယနေ့ ကျရောက်သော ၈၈၈၈ နှစ်ပတ်လည်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူများ ဦးဆောင်ကာ ညသပိတ်ပြုလုပ် ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်

·         ဖယ်ခုံ နှင့် ဖရူဆိုမြို့နယ်အကြား ယနေ့ ဩဂုတ်လ (၈) ရက်နေ့တွင် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့ နှင့် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်တပ်တို့ တိုက်ပွဲဖြစ်ပွားသည့် တစ်နေ့ တာ အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖက်က သေဆုံးသူ အနည်းဆုံး (၁၀) ဦးအထက် မနည်း ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်

.          စစ်တပ်အာဏာသိမ်းမှုကြောင့် တွေ့ဆုံညှိနှိုင်းရေးအပါအဝင် နိုင်ငံရေးလုပ်ငန်းစဉ်များ နောက်ပြန် လှည့်နေပြီး နိုင်ငံရေးအရတွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းကို သိပ်ပြီးအားကိုး၍ မရတော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ကရင့်အာဇာနည်နေ့ အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုလိုက်သည်။

ချင်းပြည်နယ်

·         အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်ထားသည့် ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှသည် ချင်းလူမျိုးများမှ သဘောတူ လက်ခံ ရွေးချယ်ထားခြင်း မဟုတ်သည့်အတွက် ရာထူးမှနုတ်ထွက်ပေးရန် ချင်းအရပ်ဖက်အဖွဲ့အစည်း ‌၆ခုက စုပေါင်းတောင်းဆို လိုက်သည်။

ဩဂုတ် ၉ သုံးသပ်ချက်

·         ရန်ကုန်တွင် ပျောက်ကြားဆန္ဒပြမှုများရှိလာပြီး  မြို့ပြပြောက်ကျား တော်လှန်ရေးမှာလည်း အားကောင်းလာသည်ကို တွေ့ရသည်။

·         မန္တလေးတွင် ဖမ်းဆီးမှုများရှိနေသော်လည်း သပိတ်ပေါင်းစုံ၏ ချီတက်ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ပြုလုပ်နေဆဲဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများလည်း ရှိလာနိုင်သည်။

·         စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြမှုများ အားကောင်းနေဆဲဖြစ်ပြီး လက်နက်ကိုင် တော်လှန်နေသည့် PDF တို့များလည်း စုဖွဲ့မှုပိုကောင်းလာသည်ကိုတွေ့ရသည်။ မကြာမီကာလတစ်ခုတွင် ယင်းဒေသကိုအကြမ်းဖက်စစ်တပ် လက်လွှတ်ရဖွယ်ရှိနေသည်။

·         စစ်ကောင်စီတပ်များ၏ အင်အားတိုးချဲ့မှုကြောင့် ကရင်၊ချင်း၊ကယား၊ရှမ်းပြည်နယ်တို့တွင်လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်လာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly