နွေဦးပေး (NwayOoPay or SpringPay) လုပ်ဆောင်ပါ (ဆောင်းပါး)

By လက်တွေ့မောင်
09 August 2021
နွေဦးပေး (NwayOoPay or SpringPay) လုပ်ဆောင်ပါ (ဆောင်းပါး)

ဩဂုတ် ၉

မြန်မာ့နိုင်ငံရေးသည် “စိတ်ကူးယဉ်တောင်းဆိုဝါဒ” ဖြင့်အလုပ်မဖြစ်နိုင်ဘူးဆိုတာ ၁၉၆၂ ခုနှစ်မှ ယနေ့တိုင်ဖြစ်ခဲ့သည့်သမိုင်းကြောင်းအရ ဘယ်သူမှမငြင်းနိုင်ပါ။

ဇွန်ဇူးရဲ့ “Know Your Enemy”(သင့်ရန်သူကိုသိပါ) ဆိုတာ နိုင်ငံရေး၊စစ်ရေး၊စီးပွားရေးမှာ မရှိမဖြစ် အလိုအပ်ဆုံးဖြစ်ပြီး၊ CIA တို့၊ Mossad တို့လို ဒီမိုကရေစီ စံချိန်စံညွှန်းတွေရဲ့နောက်ကွယ်က Realpolitik (လက်တွေ့နိုင်ငံရေး) အတွက်လည်းဖြစ်သည်။

ဘာကြောင့်လုပ်လုပ် စိတ်ကူးယဉ်မပါဘဲ လက်တွေ့ကျကျအလုပ်လုပ်သူသည် အောင်နိုင်သူဖြစ်သည်။ စစ်တပ်(စကစ)သည် သမိုင်းတလျှောက် လက်တွေ့ကျကျ Realpolitik(လက်တွေ့နိုင်ငံရေး) ကို နေ့မအား ညမအား မနားမနေအလုပ်လုပ်သည်။ နောက်တနည်း မက်ခီရာဗယ်လီ၏ အစေခံတွေဖြစ်သည် ။ မြန်မာလူမျိုးများအတွက် အရင်းအနှီးဆုံးနှင့်လက်တွေ့ကျကျ ဘုရားဟောကိုပြန်ပြောရလျှင် “စေတနာသည်သာ ကံဖြစ်သည်”။ အရပ်သုံးနားလည်သောစေတနာသည် ကောင်းတာကိုပဲအလွယ်ညွှန်းခြင်းဖြစ်သည်။ တကယ့်ပါဠိအဓိပ္ပါယ်မှာ “စေ့ဆော်တိုက်တွန်းခြင်းသဘော”ဖြစ်သည်။ ဆိုလိုရင်းမှာ စေတနာကောင်းဖြင့်လုပ်လျှင် ကံကောင်း(အကျိုးပေးကောင်း)၊ စေတနာဆိုးဖြင့်လုပ်လျှင် ကံဆိုး(အကျိုးပေးဆိုး) ဖြစ်တယ်လို့ဆိုတာပါ။ အလွယ်အနှစ်ချုပ်ရလျှင် အလုပ်လုပ်တဲ့သူနိုင်တယ်လို့ဆိုလိုခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက သြဂုတ်လ ၇ ရက်နေ့က " CDM ပြုလုပ်လျှက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများနှင့်အတူ တသားတည်းရပ်တည်လျှက်ရှိကြောင်း နှင့် ဘဏ်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါဝန်ထမ်းများအပေါ် မတရားသဖြင့် ဖိနှိပ်ခွဲခြားဆက်ဆံနေမှုများကို အမြန်ဆုံး ရပ်တန့်ရန် အသိပေးတိုက်တွန်းခြင်း" ဟူသော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် CDM လှုပ်ရှားမှုတွင် တခဲနက်ပါဝင်ခဲ့ကြသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းအာဇာနည်များအား လေးစားဂုဏ်ပြုကြောင်းနှင့် ဘဏ်လုပ်ငန်းရှင်များအနေနှင့်လည်း အမှန်တရားဖက်တွင်ရပ်တည်၍ အစွမ်းကုန်အားပေးကူညီရန်၊ ဝန်ထမ်းများအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်း၊ ခွဲခြားဆက်ဆံနေခြင်းများကို အမြန်ဆုံးရပ်တန့်ရန်နှင့် ဝန်ထမ်းများ၏အလုပ်အကိုင်အခွင့်အလမ်းများကို ပိတ်ဆို့ဟန့်တားနေမှုများ အထူးရှောင်ကျဉ်ရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ကြေညာချက်မှာ ရည်ရွယ်ချက်ကောင်းသည်မှာ ပြောစရာမရှိပါ။ သို့သော် နီးရာဓါးကြောက်နေရသော ဘဏ်လိုအဖွဲ့အစည်းများကို လက်တွေ့မပါဘဲ စာထုတ်တောင်းဆိုနေခြင်းသည် အလုပ်မဖြစ်ပါ။

NUG အစိုးရအနေဖြင့် ငွေပေး၊ငွေချေ နေရာတွေမှာ ပြည်သူတွေ လက်တွေ့ပြဿနာကဘာဖြစ်နေတာလဲ ဆန်းစစ်ဖို့လိုသည်။ အရှင်းဆုံးပြောရရင် စစ်အုပ်စုကိုပုန်ကန်သူတို့၊ CDMတို့၊ PDF တို့ ကိုငွေလှူရာတွင် “Big brother is watching you”(စကစ စောင့်ကြည်နေတယ်) ဖြစ်လို့နေသည်။ လှူတန်းထောက်ပံ့သောဘဏ်စာရင်းများကို စကစက ထိန်းချုပ်ပိတ်ပင်မှု လုပ်လေ့ရှိသည်။

NUG အနေဖြင့် တကယ်လုပ်ပေးဖို့သင့်တာက စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန ရဲ့လမ်းညွှန်မှုဖြင့် စင်ပြိုင်ဗဟိုဘဏ် တည်ထောင်ပြီး၊ အဆိုပါ ဗဟိုဘဏ်ရဲ့ ထိန်းကျောင်းမှုအောက်မှ ကျပ်ငွေကိုကိုယ်စားပြုသော ငွေပေးချေစနစ်(Digital Money Wallet) ထုတ်သင့်သည်။ လက်ရှိ စကစ ထိန်းချုပ်ဗဟိုဘဏ်မှ ကြည့်လျှင် တရားမဝင်ဖြစ်ပေမယ့် အဆိုပါ Wallet ရဲ့ ငွေပေး၊ငွေချေများကို အကြမ်းဖက်စစ်ကောင်စီက ဘယ်လိုမှ စောင့်ကြည့်၍မရနိုင်ပါ။

တနည်းအလွယ်ပြောရလျှင် KBZPay ၊ AYAPay တို့ကဲ့သို့ ပုံစံတူ Wallet တစ်ခုဖြစ်သည်။ လက်ရှိတွင် KBZPay နှင့် AYAPay တို့ စနစ်ချင်းချိတ်ဆက်မှုမရှိဘဲ ငွေလွဲသူများမှ နည်းမျိုးစုံဖြင့် ငွေလွဲနေကြတာလူတိုင်းအသိဖြစ်သည်။

အဆိုပါ Wallet ကို အခေါ်လွယ်အောင် နွေဦးပေး(NwayOoPay) ဟု ခေါ်ကြပါစို့။ ဒီလို နွေဦးပေးစနစ်ရှိရင် အခု NUG လုပ်မည့် နွေဦးထီကို နွေဦးပေးစနစ်ထဲတွင် အလွယ်တကူ ရောင်းနိုင်သည်။ ထီထိုးသူပြည်သူတွေကို ဘယ်လိုမှ စောင့်ကြည့်၍မရနိုင်ပါ။ နောက် NUG အတွက် လိုအပ်သောအလှူငွေတွေ၊ တခြားအစိုးရဝန်ဆောင်မှုတွေကို နွေဦးပေး ကနေ လက်ခံပေးနိုင်တာဖြစ်တဲ့အတွက် လှူတဲ့သူတွေ စိတ်အေးချမ်းပြီး၊ နီးရာဓါးအတွက် နောက်ကြောင်းအေးနိုင်သည်။

ဒီလို နွေဦးပေးလုပ်ဖို့ အားနည်းချက်များစွာကို မေးခွန်းခွန်းပေါင်းများစွာရှိနိုင်မှာ ငြင်းမရပါ။ သို့သော် NUG အစိုးရအနေဖြင့် ပြည်တွင်း၊ပြည်ပ ပညာရှင်များဆီမှ အကြံအဉာဏ်တောင်းကာ လုပ်ဆောင်ခြင်းဖြင့် လက်တွေ့ကျကျ ပြည်သူ့အခက်အခဲကို ဖြေရှင်းပေးနိုင်မည်လို့ ယုံကြည်ပါတယ်။

၂၁ ရာစု နည်းပညာခေတ်တွင် စကစ ဘယ်လိုပင် ပိတ်ပိတ် NUG အနေဖြင့် ဆီလိုအပေါက်ရှာပြီး၊ လက်တွေ့လုပ်နိုင်တာတွေအများကြီးရှိပါသည်။ တော်လှန်ရေးအစိုးရတရပ်အနေဖြင့် “ဘရောက်ဒါဝါဒ” အရိပ်တွေပေါ်မှာ မထွေပြားဘဲ လုပ်စရာရှိတာလုပ်နေဖို့ပါပဲ။ အရေးကြီးဆုံးက မိမိရန်သူ စကစ သည် မနားမနေအလုပ်လုပ်နေသည်ဆိုသည်ကို မေ့မထားသင့်သလို၊ မိမိကိုယ်တိုင် စကစ ထက် ဆယ်ဆပို အလုပ်လုပ်နေဖို့လိုပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly