အစိုးရ၏ ဖြိုခွင်းမှုနောက်ပိုင်း တရုတ်၏ နည်းပညာဆိုင်ရာ သူဌေးကြီးများ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၈၇ ဘီလီယံအထိ ဆုံးရှုံး

အစိုးရ၏ ဖြိုခွင်းမှုနောက်ပိုင်း တရုတ်၏ နည်းပညာဆိုင်ရာ သူဌေးကြီးများ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၈၇ ဘီလီယံအထိ ဆုံးရှုံး

ဩဂုတ် ၉

တရုတ်၏ နည်းပညာလုပ်ငန်းအပေါ် အစိုးရက စည်းမျဉ်းထိန်းသိမ်းမှုဆိုင်ရာ ဖြိုခွင်းအရေးယူမှုကို လုပ်ဆောင်ခဲ့ရာတွင် ဇူလိုင်လအစ နောက်ပိုင်း ယင်းလုပ်ငန်းကဏ္ဍအတွင်းရှိ အချမ်းသာဆုံး သူဌေးကြီးများ၏ အသားတင်ကြွယ်ဝမှုတန်ဖိုးသည် ဒေါ်လာ ၈၇ ဘီလီယံအထိ လျော့ကျသွားခဲ့ရကာ Tencent ၏ Pony Ma ၊ Pinduodu ၏ Colind Huang တို့လို လုပ်ငန်းရှင်များ၏ ကြွယ်ဝမှုပိုင်းတွင် အထိနာဆုံး ဖြစ်ခဲ့ရသည်။

ဇွန်လကုန်ပိုင်းက တရုတ် နာမည်ကျော် ပလက်ဖောင်း Didi Chuxing အမေရိကန် စတော့အိတ်စ်ချိန်းတွင် အစုရှယ်ယာ ထုတ်ရောင်းချမှုနှင့်အတူ လူသိများခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း နည်းပညာနှင့် ဇီဝနည်းပညာ လုပ်ငန်းထဲရှိ တရုတ် ဘီလျံနာ နှစ်ဒါဇင်ခန့်၏ စုစုပေါင်း အသားတင်ကြွယ်ဝမှုတန်ဖိုးသည် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု Financial Times ၏ တွက်ချက်မှုများအရ သိရသည်။ အဆိုပါ လုပ်ငန်းနယ်ပယ်တွင်းရှိ တရုတ်ဘီလျံနာများ၏ ပိုင်ဆိုင်မှုကို Bloomberg ကလည်း စောင့်ကြည့်ထားခဲ့သည်။

‌ဒေတာ လုံခြုံရေး စိုးရိမ်ပူပန်မှုများကြောင့် အချိန်ရွှေ့ဆိုင်းထားရန် တရုတ်အာဏာပိုင်များဘက်မှ သီးသန့် သတိပေးမှုများ ရှိခဲ့လင့်ကစား Didi Chuxing ၏ အမေရိကန်စတော့အိတ်စ်ချိန်းတွင် ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ မတည်နိုင်ခဲ့သည့် IPO (ကနဦး အစုရှယ်ယာထုတ်ရောင်းမှု) နောက်ပိုင်း ယင်းကုမ္ပဏီအပေါ် တရုတ်အာဏာပိုင်တို့၏ စည်းမျဉ်းဆိုင်ရာ ဖြိုခွင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ပေကျင်းသည် နိုင်ငံကို ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအဖြစ် ကူညီ အသွင်ကူးပြောင်းပေးထားခဲ့သည့် လုပ်ငန်းတစ်ခုအပေါ် ပိုမိုချုပ်ကိုင်တင်းကျပ်ရန် ကြိုးပမ်းခဲ့ရာတွင် တရုတ်၏ အကြီးဆုံးသော နည်းပညာဆိုင်ရာ လုပ်ငန်းအုပ်စုများ၏ ရှယ်ယာဈေးနှုန်းများကို ကျဆင်းစေခဲ့သည်။

E-commerce ဝက်ဘ်ဆိုဒ် Pinduoduo တည်ထောင်သူ Huang သည် အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး ၎င်း၏ ကြွယ်ဝမှုတန်ဖိုး၏ သုံးပုံ တစ်ပုံ သို့မဟုတ် ‌ဒေါ်လာ ၁၅ ဒသမ ၆ ဘီလီယံ ဆုံးရှုံးခဲ့ရသည်။ အင်တာနက် လုပ်ငန်းအုပ်စု Tencent ကို တည်ထောင်သူ Pony Ma သည်လည်း ဒေါ်လာ ၁၂ ဘီလီယံကျော် သို့မဟုတ် ကြွယ်ဝမှုတန်ဖိုး၏ ၂၂ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရသည်။ ၎င်းသည် ယခုအခါ ပြိုင်ဘက် Alibaba တည်ထောင်သူ Jack Ma ၏ နောက် တရုတ်၏ တတိယမြောက် အချမ်းသာဆုံးအဖြစ် ရပ်တည်နေသည်။

အလားတူကာလအတွင်း Jack Ma ၏ ပိုင်ဆိုင်မှုတန်ဖိုးတွင် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ကျဆင်းခဲ့သော်လည်း နိုဝင်ဘာလက ၎င်း၏ Alibaba က ထိန်းချုပ်သည့် ဘဏ္ဍာရေးနည်းပညာပလက်ဖောင်း Ant Group ၏ IPO ကို အာဏာပိုင်တို့က ပယ်ဖျက်ခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၁၃ ဘီလီယံနီးပါး ကျဆင်းခဲ့သည်။

အလားတူ ယင်းနိုင်ငံတွင် ပုဂ္ဂလိက ပညာရေးလုပ်ငန်းအုပ်စုများအနေဖြင့် အကျိုးအမြတ်မယူ အဖွဲ့အစည်းများအဖြစ် ပြန်လည်ဖွဲ့စည်းတည်ဆောက်ရလိမ့်မည်ဟု တရုတ်အာဏာပိုင်တို့က ပြီးခဲ့သည့်လက ကြေညာခဲ့ရာတွင် ယင်းနိုင်ငံ၏ အဓိက ပုဂ္ဂလိက သင်ကြားပြသမှုဆိုင်ရာ ပညာရေးကုမ္ပဏီများ၏ တည်ထောင်သူများ၏ ကြွယ်ဝမှုပိုင်းတွင်လည်း ကျဆင်းမှုများဖြစ်ပေါ်ခဲ့ရသည်။ New Oriental Education ၏ တည်ထောင်သူ Yu Minhong သည် ပုဂ္ဂလိက ပညာရေးကုမ္ပဏီတွင် ရှိနေသည့် ၎င်း၏ အစုရှယ်ယာ ၁၂ ရာခိုင်နှုန်း၏ တန်ဖိုးသည် ဒေါ်လာ ၃ ဘီလီယံကနေ ဒေါ်လာ သန်း ၅၀၀ မျှသာ ရှိတော့သည်အထိ ကျဆင်းခဲ့မှုကို ကြုံတွေ့ခဲ့ရသည်။

ဆန့်ကျင်ဘက်အားဖြင့် စွန့်စားရမှုအန္တရာယ် နည်းပါးမည်ဟု ရင်းနှီးမြှုပ်နှံသူများ၏ ရှုမြင်ခံရသည့် လုပ်ငန်းနယ်ပယ်များ သို့မဟုတ် ပေကျင်းအာဏာပိုင်တို့၏ ပံ့ပိုးမှုကို ရထားသည့် လုပ်ငန်းကဏ္ဍအောက်တွင် လုပ်ကိုင်နေသည့် ဘီလျံနာများသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ၎င်းတို့၏ ကြွယ်ဝမှုပိုင်း မြင့်တက်ထားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ် ဘီလျံနာများ ထွက်ပေါ်လာမှုကို ဖော်ပြထားခဲ့သည့် သုတေသန ကုမ္ပဏီ Hurun Report ၏ အကြီးအကဲဖြစ်သည့် Rupert Hoogewerf က ပြောကြားရာတွင် တရုတ်တွင် ဘီလျံနာ ၁,၀၀၀ ကျော် ရှိကြောင်း၊ ယင်းသည် အောင်မြင်သော နည်းပညာလုပ်ငန်းစုများ တစ်ဟုန်ထိုး များလာခြင်းကြောင့် ပြီးခဲ့သည့် ငါးနှစ်ကနေ  အရေအတွက် နှစ်ဆတိုးလာခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် ယခု မကြာသေးသည့် အတောအတွင်း စည်းမျဉ်းဆိုင်ရာ ဖြိုခွင်းမှုများကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် အပြောင်းအလဲများ ဖြစ်ပေါ်သည်ဟု ဆိုခဲ့သည်။

အကျိုးအမြတ် ဖြစ်ထွန်းရရှိသူများထဲတွင် ရေသန့်လုပ်ငန်း Nongfu Spring ၏ ဦးဆောင်သူလုပ်ငန်းရှင် Zhong Shanshan ဖြစ်ပြီး ၎င်းသည် Jack Ma နှင့် Pony Ma တို့ကို ကျော်ကာ ယမန်နှစ်က တရုတ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ထားခဲ့သည်။ Zhong ၏ ကြွယ်ဝမှုတန်ဖိုးသည် ဇွန်လကုန်နောက်ပိုင်း ဒေါ်လာ ၅ ဘီလီယံ တိုးပြီး ယခုအခါ ဒေါ်လာ ၇၂ ဘီလီယံ ကျော် ရှိနေသည်။ ၎င်းသည် ယခုအချိန်တွင် Jack Ma ထက် ဒေါ်လာ ၂၄ ဘီလီယံ ပိုချမ်းသာနေသည်။

လျှပ်စစ်ကားများအပေါ် အာရုံစိုက်ခြင်းနှင့်အတူ မော်တော်ကားလုပ်ငန်းကို ထောက်ကူပံ့ပိုးမည်ဟု နိုင်ငံ၏ ဦးစီးခေါင်းဆောင်များက ထုတ်ဖော်ထားခြင်းကလည်း တရုတ်၏ မော်တော်ကားလုပ်ငန်းတွင်းရှိ အချမ်းသာဆုံး လုပ်ငန်းရှင် ကိုးဦးကို အထောက်အကူဖြစ်ထားစေခဲ့သည်။ Berkshire Hathaway ပံ့ပိုးရင်းနှီးမြှုပ်နှံထားသော ကားထုတ်လုပ်သူဖြစ်သလို လျှပ်စစ်ဘထ္ထရီပိုင်းဆိုင်ရာ ‌ရှေ့ဆောင်တီထွင်သူ လုပ်ငန်းတစ်ခုဖြစ်သည့် BYD ၏ ဥက္ကဋ္ဌ Wang Chuanfu ၏ ကြွယ်ဝမှုသည် ဒေါ်လာ ၄  ဒသမ ၄ ဘီလီယံတိုးပြီး ဒေါ်လာ ၂၅ ဘီလီယံကျော်အထိ ရောက်ရှိခဲ့ရာ ၎င်းကို နိုင်ငံ၏ ဆယ်ဦး‌မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်စေခဲ့သည်။

အလျင်အမြန် ကြီးထွားနေသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍရှိ ဘီလျံနာ ရှစ်ဦးသည်လည်း အဆိုပါကာလအတွင်း ၎င်းတို့၏ အသားတင်ကြွယ်ဝမှုပိုင်းတွင် ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံ မြင့်တက်ထားခဲ့သည်။

၂၀၂၁ ဒုတိယနှစ်ဝက်တွင် ပေကျင်းအနေဖြင့် ယင်း၏ နည်းပညာလုပ်ငန်းကို ဖြေလျှော့မှုလုပ်မည် သို့မဟုတ် ကားထုတ်လုပ်သူများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လုပ်ငန်းများကို ထောက်ကူမပေးတော့ဟု ဆိုပြီး တွက်ဆရန် အကြောင်းပြချက် အနည်းငယ်မျှသာ ရှိဟု အကဲခတ်များက ပြောဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly