ဘင်္ဂလားဒေ့ရှ်မှာ ခုနစ်ရက်အတွင်း လူ ၁၀ သန်းအား ကာကွယ်ဆေး ထိုးနှံပေးမယ် 

ဘင်္ဂလားဒေ့ရှ်မှာ ခုနစ်ရက်အတွင်း လူ ၁၀ သန်းအား ကာကွယ်ဆေး ထိုးနှံပေးမယ် 
Photo - AFP

ဩဂုတ် ၉

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေတာကို တိုက်ဖျက်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ခုနစ်ရက်အတွင်း လူ ၁၀ သန်းကို ကာကွယ်ဆေး ထိုးနှံပေးမယ့် အစီအစဉ်ကို ချမှတ်ပြီး နိုင်ငံတစ်လွှားမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးနေပြီဖြစ်တာကြောင့် လူတွေဟာ တန်းစီစောင့်ဆိုင်းပြီး ဆေးထိုးနှံခံကြပါတယ်။ 

ဇူလိုင် ၁ ရက်ကတည်းက တစ်နိုင်ငံလုံး လော့ဒေါင်းချထားတာလည်းဖြစ်ပြီး အခု ဆေးထိုးနှံရေး အစီအစဉ်ကို အင်္ဂါနေ့က စတင်ကြေညာပြီး ဆေးထိုးနှံရေးစင်တာပေါင်း ၁၄၀၀၀ ကျော် ဖွင့်လှစ်လို့ စနေနေ့မှာ စတင်ထိုးနှံပေးနေတာပါ။ 

စင်တာတွေမှာ ကျန်းမာရေးဝန်ထမ်းနည်းပါးပြီး စည်းကမ်းထိန်းသိမ်းသူအချို့နဲ့ ကာကွယ်ဆေး လာရောက်ထိုးနှံခံသူတွေ လူခွာနေတဲ့ စည်းမျဉ်းနဲ့အညီ လိုက်နာဖို့အတွက် ဆောင်ရွက်ရာမှာ မနည်းရုန်းကန်နေရပါတယ်။ 

နိုင်ငံတစ်ဝန်းက အဲဒီ ဆေးထိုးနှံရေးစင်တာတွေဆီ လူ ထောင်ပေါင်းများစွာ လာရောက်ထိုးနှံကြတာလည်း ဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ တင်းကြပ်တဲ့ လော့ဒေါင်းကိုလည်း သက်တမ်းထပ်တိုးကြောင်း ကြေညာပြီး ကျန်းမာရေးဝန်ကြီး အေ ကေ အမ် မိုဇမ်မယ်က ကာကွယ်ဆေး ထိုးနှံရေးစင်တာ ၁၄၀၀၀ ကျော်နဲ့ ကျန်းမာရေး ဝန်ထမ်း ထောင်ပေါင်းများစွာ အင်အားသုံးပြီး ဩဂုတ် ၇ ရက်ကစလို့ ကာကွယ်‌ဆေး စတင်ထိုးနှံမှာ ဖြစ်ကြောင်း ပြောထားခဲ့ပါတယ်။ 

“တစ်ပတ်အတွင်းမှာ လူ ၁၀ သန်း ကာကွယ်ဆေး ထိုးနှံနိုင်မှာပါ၊ အသက်ကြီးသူတွေ၊ အလုပ်သမားတွေနဲ့ ဈေးရောင်းသူတွေကို ဦးစားပေးထိုးနှံပေးမှာပါ”လို့ သူက ပြောပါတယ်။ 

ကုလသမဂ္ဂရဲ့ ကာကွယ်ဆေး အညီအမျှ ရရှိရေး Covax အစီအစဉ်အရ တရုတ်နဲ့ အမေရိကန်ကနေ ကာကွယ်ဆေးတွေ ရောက်ရှိလာပြီဖြစ်တာမို့ လူပေါင်း ၁၂ သန်းကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် လုံလုံလောက်လောက် ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ အစ္စလာမ်ပရော့ဒ်ဟန်က ဆိုပါတယ်။ 

ဇူလိုင် ၁ ရက်က စတင်ချမှတ်တဲ့ တစ်နိုင်ငံလုံး လော့ဒေါင်းကို ဇူလိုင်လလယ်မှာ ဘာသာရေးပွဲတော်ကို ချွင်းချက်ပေး ကျင်းပခွင့်ပေးခဲ့ပြီးနောက် ဩဂုတ် ၁၀ ရက်အထိ သက်တမ်းထပ်တိုးမှာဖြစ်တယ်လို့လည်း ကျန််းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ 

ဈေးဆိုင်တွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို အခု သီတင်းပတ်မှ ပြန်ဖွင့်ပေးမှာ ဖြစ်ပေမယ့် ကာကွယ်ဆေး ထိုးပြီးသား ဈေးသည်တွေနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတွေကိုပဲ အိမ်ကနေ ထွက်ခွာပြီး အလုပ်သွားခွင့် ပြုမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁ ဒသမ ၃ သန်းနီးပါး ရှိပြီး သေဆုံးသူ ၂၁၁၆၀ ဦးရှိရာမှာ ပညာရှင်တွေကတော့ ဒီစာရင်းဟာ အမှန်ဖြစ်ပွားနှုန်းထက် နည်းပါးနိုင်တယ်လို့ ပြောဆိုထားကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly