ဆော်ဒီ၊ ဒီဇင်ဘာ ၁၂ ။ ။ ဆော်ဒီအာရေဗျနိုင်ငံတွင် အစဉ်အလာမဟုတ်သော မြို့နယ်ဒေသန္တရ မဲပေးပွဲများကို ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပရာ၌ အမျိုးသမီးများ ပထမဆုံးအဖြစ် ပါဝင်မဲပေးနိုင်ပြီဖြစ်သည်။
ထိုပြင် အယူသီးသည့် ရှေးရိုးစွဲနိုင်ငံဖြစ်၍ အမျိုးသမီးများ ကားမောင်းခွင့်ပိတ်ထားသည့် နိုင်ငံဖြစ်သော်လည်း အမျိုးသမီးများအနေဖြင့် အမတ်လောင်းအဖြစ် ဝင်ရောက်အရွေးခံနိုင်ပြီဖြစ်သည်။
ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသား ၅၉၃၈ ဦးနှင့် အပြိုင် အမျိုးသမီး ၉၇၈ ဦးက စာရင်းပေး ဝင်ရောက်အရွေးခံထားကြသည်။
မဲဆွယ်စည်းရုံးရာတွင်မူ အမျိုးသမီးကိုယ်စားလှယ်များက ကန့်လန့်ကာနောက်ကွယ်မှသာ ပြောဆိုစည်းရုံးခြင်း သို့မဟုတ် အမျိုးသားတစ်ဦး ကိုယ်စားပြုပြောဆိုခြင်းဖြင့် စည်းရုံးရသည်။
မဲပေးခွင့် စာရင်းရှိသူ အမျိုးသမီး ၁၃၀၀၀၀ နီးပါးရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ ယင်းစာရင်းက ဦးရေ ၁ ဒသမ ၃၅ သန်းရှိသည့် အမျိုးသားမဲပေးနိုင်သူဦးရေနှင့် အချိုးအစား များစွာကွာနေဆဲဖြစ်သည်။
"ကျွန်မ တော်တော် ကျေကျေနပ်နပ်ခံစားရပါတယ်။ ဒီပြောင်းလဲမှုက ကြီးကျယ်ပါတယ်။ ဒါပေမယ့် တကယ်ပဲ ကျွန်မတို့ အမျိုးသမီးတွေ ကိုယ်စားပြုနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကတော့ ကျိန်းသေချင်ပါတယ်။"ဟု မဲစာရင်းတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက ဘီဘီစီသို့ပြောခဲ့သည်။