အာဖဂန်တွင် တာလီဘန်များ သံရုံးနယ်မြေကို တိုက်ခိုက်

အာဖဂန်တွင် တာလီဘန်များ သံရုံးနယ်မြေကို တိုက်ခိုက်

ကဘူးလ်၊ ဒီဇင်ဘာ ၁၂ ။           ။ အာဖဂန်နစ္စတန်နိုင်ငံက သံရုံးများဖွင့်လှစ်တည်ရှိရာ ဒေသခရိုင်ရှိ နိုင်ငံခြားသား ဧည့်ဂေဟာများကို တာလီဘန်များ လာရောက်တိုက်ခိုက်ခြင်းကြောင့် သေကျေပျက်စီးမှု အနည်းနှင့်အများရှိသည်။

ကနဦးသတင်းများတွင် စပိန်သံရုံး တိုက်ခိုက်ခံနေရပြီဟု သတင်းထွက်ပေါ်သော်လည်း စပိန်ဝန်ကြီးချုပ် မာရီယာနိုက ငြင်းသည်။ နောက်ပိုင်း၌ ဝန်ကြီးချုပ် မာရီယာနိုက တိုက်ခိုက်မှုအတွင်း စပိန်ရဲတစ်ဦးကျဆုံးကြောင်း ပြောသည်။

ရှာပါးရ်ဒေသတွင်း စတင်၍ ကားဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကာ လက်ရှိတွင် တိုက်ခိုက်ရေးသမားများက အဆောက်အအုံတစ်ခု၌ ခြေကုပ်ယူထားကြောင်း တာလီဘန်များဖက်က ပြောသည်။

ယခုတိုက်ခိုက်မှုများက အာဖဂန်နစ္စတန်နိုင်ငံတွင်းရှိ အထင်ကရနေရာများအပေါ် တာလီဘန်များ ပြောင်ပြောင်တင်းတင်း ရဲတင်းစွာ တိုက်ခိုက်နေခြင်းများ၏ နောက်ဆုံးတိုက်ခိုက်မှုတစ်ရပ်လည်းဖြစ်သည်။

အနီးနားရှိ ဆေးရုံသို့ သေကျေဒဏ်ရာရသူများ လာရောက်ပို့ဆောင်ထားကြောင်း၊ သေနတ်သံများ လက်ရှိအချိန်ထိ ကြားနေရကြောင်း မျက်မြင်များက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက် ညနေက သေနတ်သံများ စတင်ထွက်ပေါ်ပြီး ပေါက်ကွဲသံကြီးတစ်ရပ် ကြားရခြင်းဖြစ်ကြောင်း မျက်မြင်များက သတင်းထောက်များအား ပြောသည်။

ပစ်ခတ်သံများ၊ ပေါက်ကွဲသံများကို ဒီဇင်ဘာ ၁၂ ရက် နံနက်အစောပိုင်းတွင်လည်း ကြားနေရကြောင်း ဆိုသည်။

ယခုတိုက်ခိုက်မှုအား ကန်ဒါဟာလေဆိပ်ကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်း၌ တာလီဘန်များက စီးနင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ပြီးနောက် နောက်ထပ်တိုက်ခိုက်မှုအဖြစ် ကျုးလွန်ခြင်းဖြစ်သည်။ ကန်ဒါဟာလေဆိပ်တိုက်ပွဲများအတွင်း လူ ၅၀ အနည်းဆုံး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly