ခရိုင် ၄ခု၌ ဇူလိုင်လအတွင်း တိုက်ပွဲ ၁၈၀ခန့် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀ခန့်သေဟု KNU သတင်း ဖော်ပြ

By The Nation Voice
08 August 2021
ခရိုင် ၄ခု၌ ဇူလိုင်လအတွင်း တိုက်ပွဲ ၁၈၀ခန့် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀ခန့်သေဟု KNU သတင်း ဖော်ပြ

ဩဂုတ် ၈

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) အုပ်ချုပ်ရေးနယ်မြေရှိ ခရိုင် ၄ခု၌ ဇူလိုင်လအတွင်းက တိုက်ပွဲ ၁၈၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၅၀ ခန့် သေဆုံးခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei Newsက ယနေ့ သတင်းဖော်ပြသည်။

တိုက်ပွဲများဖြစ်ပွားခဲ့သည့် KNU ခရိုင်လေးခုမှာ KNLA တပ်မဟာ(၁) နယ်မြေ ဒူးသထူခရိုင်၊ တပ်မဟာ(၂) နယ်မြေ တောင်ငူခရိုင်၊ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၅)နယ်မြေ မူတြော်(ဖာပွန်)ခရိုင်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ စစ်တပ် နှင့် နယ်ခြားစောင့်တပ်တို့သည် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ကြသောကြောင့် နယ်မြေကာကွယ်စောင့်ရှောက်ရေးတပ်များဖြစ်ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့နှင့် ထိတွေကာ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လအတွင်း တိုက်ပွဲများကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏တပ် နှင့် နယ်ခြားစောင့်တပ်တို့ဘက်မှ အယောက် ၂၅၀ ခန့် သေဆုံးပြီး ၁၁ ယောက် ထွက်ပြေးခဲ့ကြောင်း သိရသည်ဟု ဖော်ပြထားသည်။

 အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏တပ် နှင့် နယ်ခြားစောင့်တပ်တို့သည် ပြည်သူလူထု၏ လုပ်ငန်းခွင်ထဲသို့ လက်နက်ကြီး အလုံး ၅၈ လုံး ပစ်ချခဲ့ပြီး လူနေအိမ် ၅ လုံးကိုလည်း မီးရှုံ့ ဖျက်ဆီးခဲ့သည်ဟုဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့မှ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာများ ၊ ရွှေငွေများ၊ အခြားပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများကိုလည်း အတင်းအဓမ္မလုယူ ဖျက်ဆီးမှုများပြုခဲ့ပြီး ကာလတန်ဖိုးအရ သိန်း ၁၀၀ ကျော်ခန့် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထုသွားလာရာလမ်းများပေါ်  အကြမ်းဖက်စစ်အုပ်စု၏ တပ်များ မိုင်းထောင်ခြင်း၊ နယ်ခြားစောင့်တပ်မှ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့်  ထိခိုက်ဒဏ်ရ ပြည်သူ ၆ဦးရှိခဲ့သည်ဟု ဆိုသည်။ထို့ပြင် ပြည်သူလူထု၏ ကျွဲ၊ နွားနှင့် အခြားအိမ်မွေးတိရိစ္ဆာန်များလည်း ထိခိုက် သေဆုံးမှုများရှိခဲ့ကြောင်း ဖော်ပြသည်။

ဒူးသထူခရိုင်တွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု စစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့က  ကျေးရွာများကို စုပေါင်းခေါ်ယူပြီး အနည်းဆုံးတစ်ရွာတစ်ယောက် ၎င်းတို့တပ်ဖွဲ့ထဲသို့ ဝင်ရောက်စစ်မှုထမ်းရန် ပြောဆိုခဲ့ကြောင်း၊  တောင်ငူခရိုင်တွင်   Covid - 19 ရောဂါကူးစက်ခံရမည်စိုး၍   ဥယျာဥ်ခြံများသို့ သွားရောက်နေထိုင်သည့် ပြည်သူများကို   ဥယျာဥ်ခြံထဲမနေရန် နှင့် ရွာထဲ မြိုထဲသို့ ပြန်နေရန် စစ်ကောင်စီတပ်က ပြောဆိုခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

 ညောင်လေးပင်ခရိုင်တွင်လည်း  အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ တပ်မှ အင်းပိုင်များကို ခေါ်ယူပြီး အင်းတစ်အင်းတွင်အခွန် မြန်မာကျပ်ငွေ သိန်း ၅၀ ပေးဆောင်ရန်တောင်းခဲ့ကြောင်း၊ ထို့ပြင် စည်းကမ်းဥပဒေနှင့်အညီ သွားလာခြင်းမရှိသည်ဟုဆိုကာ  အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ တပ်မှ ပြည်သူလူထု ၇၀ ဦးကို ဖမ်းထားပြီး တစ်ဦးလျှင် ဒဏ်ငွေ ၂၅ သိန်းကျပ် ပေးဆောင်ရန် တောင်းခဲ့ကြောင်း ဖော်ပြသည်။

 မူတြော်ခရိုင်တွင်လည်း ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်သောနေရာများနှင့် ကျေးရွာများကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ လေယာဥ်ဖြင့် မကြခဏ လာရောက်ထောက်လှမ်းမှုများပြုလုပ်သောကြောင့် ပြည်သူလူထုများအတွက် စိုးရိမ်ထိန့်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် ညောင်လေးပင်ခရိုင်နှင့်  မူတြော်ခရိုင် ဒေသများတွင်  ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုပေါင်း ၇၇၀၀၀ ကျော်ရှိပြီး အခက်အခဲများ ကြုံနေရသည်ဟု သတင်း၌ ဖော်ပြထားသည်။

ယခင်က KNU တပ်မဟာနှင့် ခရိုင်အလိုက် သတင်းများကို သီးခြားစီဖော်ပြလေ့ရှိသော်လည်း ယခုအခါ တွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားသည့် တပ်မဟာများအခြေအနေကို KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက စုပေါင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly