မခိုးသည့် ဘဏ္ဍာစိုး လိုသည်

မခိုးသည့် ဘဏ္ဍာစိုး လိုသည်
(ဓာတ်ပုံ - လင်းဘိုဘို၊ အီးပီအေ)

၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် မဲဆန္ဒရှင်ပြည်သူများက ပြည်သူတစ်ရပ်လုံးအတွက် ပြည်သူ့အစိုးရတစ်ရပ်ကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် အင်န်အယ်လ်ဒီအစိုးရသည် မကြာမီ လပိုင်းအတွင်း ပေါ်ထွက်လာတော့မည်ဖြစ်သည်။ အစိုးရဆိုသည်မှာ ပြည်သူ့ကိုယ်စား တိုင်းပြည်၏ အရေးအရာများကို ဆောင်ရွက်ရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည့်ဘဏ္ဍာစိုးဖြစ်သည်။

အစိုးရတစ်ရပ်သည် တိုင်းပြည်ကို စီမံခန့်ခွဲရာတွင် ကုန်ကျစရိတ်များကို မှန်မှန်ကန်ကန် ရှာဖွေ အသုံးပြုရသည်။ မြန်မာသည် သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပေရာ သဘာ၀ သယံဇာတများကို မှန်မှန်ကန်ကန် ထုတ်ယူသုံးစွဲ ရောင်းချခြင်းဖြင့် ဘဏ္ဍာငွေများ ရရှိသည်။ အခြား တစ်ဖက်တွင်လည်း နိုင်ငံသူနိုင်ငံသားများထံမှ ရသင့်ရထိုက်သော အခွန်အခများကို ကောက်ယူစု ဆောင်းရသည်။ ယင်းဘဏ္ဍာငွေကြေးများကို ခြိုးခြိုးခြံခြံ စေ့စေ့ငုငု စစ်စီ သုံးစွဲကြရသည်။

အစိုးရသည် သုံးစွဲသမျှသော ပြည်သူ့ဘဏ္ဍာများကို လွှတ်တော်၏ အဆုံးအဖြတ်အောက်မှ သုံးစွဲရခြင်း ဖြစ်သည်။ ထင်ရာလုပ်မရသကဲ့သို့ ပေါပေါကြွယ်ကြွယ် လက်လွတ်စပယ်လည်း သုံးစွဲ၍ မရနိုင်ပါ။ အရေးအကြီးဆုံးမှာ ယင်းဘဏ္ဍာငွေများကို ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို ရည်ရွယ်သုံးစွဲရခြင်း ဖြစ်သည်။ အာဏာရှိသူများကြား ရာခိုင်နှုန်းခွဲေ၀ ယူဆောင်ကြခြင်း သို့မဟုတ် အဆင့်ဆင့်ခွဲဝေပြီး ကိုယ့်အိတ်ထဲ ကိုယ်ထည့်ခြင်းမျိုးကို မလုပ်ဆောင်ရပါ။ ပြည့်ဘဏ္ဍာစိုးသည် ပြည့်သူခိုး မဟုတ်ပါ။

မြန်မာနိုင်ငံသည် ရာစုနှစ်ဝက်ကျော်ကြာ စစ်အာဏာရှင်အဆက်ဆက်အောက် ကျဆင်းခဲ့သည်။ စစ်အာဏာရှင်များနှင့် အာဏာရှင် အကြွင်းအကျန်များသည် မြန်မာကို စိတ်တိုင်းကျ ထင်သလို လက်နက်ပြ အုပ်ချုပ်ခဲ့ရာတွင် တပြည်လုံး မွမွကြေပြီးသည့်အပြင် သဘာဝသယံဇာတများကို ကိုယ်တိုင်ကိုယ်ကျ ခိုးယူကြသကဲ့သို့ သူခိုးဈေးနှင့် ရောင်းချခဲ့ကြသဖြင့် တိုင်းပြည်ကမူ အကျိုးခံစားခွင့် မရခဲ့ဘဲ ဆင်းရဲသထက်ဆင်းရဲကာ ပြည်သူပြည်သူများမှာလည်း အမွဲနွံထဲမှ မတက်ခဲ့ရပါ။

အစိုးရ၊ စစ်တပ်နှင့် ရာထူးအာဏာနှင့် စီမံခန့်ခွဲမှု ထိုင်ခုံပေါ်မှ ပုဂ္ဂိုလ်များသည် အကျိုးအပြစ်နှင့် အနာဂတ်ရေး မျှော်မတွေးဘဲ မိမိ၊ မိမိ မိသားစုနှင့် မိမိတို့ အမျိုးအဆွေ ကောင်းစားရေးကိုသာ အားသွန်ခဲ့ကြရာ ပြည်သူပြည်သားများမှာ မတတ်သာဘဲ နေခဲ့ကြရသည်။ သဘာဝသယံဇာတများကို တပြည်လုံးရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ညီညီညွတ်ညွတ် အကျိုးတူခံစားစံစားခွင့် ရှိထိုက် ပါလျှက်နှင့် အခွင့်အရေး တန်းတူညီမျှမှုမရှိဘဲ ထင်သလိုစိုးမိုး အုပ်စီးမှုဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည်။

အဘိုးအဘွားပိုင်မြေနှင့် သစ်ပင်သစ်တောများကိုပင် လက်နက်နှင့် အနိုင်ကျင့်ကာ ဆောင်ငင်ခြင်း ခံခဲ့ရသည်။ တရားစွဲဆို ထောင်သွင်းအကျဉ်းချခြင်းခံခဲ့ရသည်။ သူခိုးလူဟစ်သည့် တခေတ်ကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက မသေရုံတမယ် လူ့ဂုဏ်သိက္ခာမဲ့စွာဖြင့် ပြားပြားမှောက် ကြောက်ရွံ့ ရှင်သန်ခဲ့ရသည်။ နှုတ်ထွက်တရား ဥပဒေမျိုးနှင့် ထင်တိုင်းကြဲခံခဲ့ရသော မြန်မာသည် မကြာမီ ကာလတွင် ယင်းအခြေအနေများမှ လွတ်ကင်းရန် အချိန်ကျပါပြီ။ ပြောင်းလဲချိန်တန်ပြီဟု ဆိုချင် ပါတော့သည်။

ပြည့်ဘဏ္ဍာများကို ပြည့်စိုးမိုးသူများ (အစိုးရ) က ပြည့်သာယာဝပြောရေးအတွက် မှန်မှန်ကန်ကန် သုံးစွဲနိုင်ရေးသည် အလွန်အင်မတန် အရေးကြီးပါသည်။ မြန်မာ့ ထွက်သမျှနှင့် မြန်မာကို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်ရန် အချိန်ကျပေပြီ။ မြန်မာများ ကံကောင်းတော့မည်လား မပြောတတ်ပါ၊ မြန်မာလူထုက ချစ်ခင်ယုံကြည်လေးစားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် အစိုးရတစ်ရပ်သည် ဆိုခဲ့ပါ ပြည့်ဘဏ္ဍာများကို မကြာမတင်တွင် စီမံခန့်ခွဲပိုင်ခွင့် ရပေတော့မည်။

အစိုးရ ယန္တရားတစ်ခုလုံးကို ကျကျနန လည်ပတ်ရန်မှာ မလွယ်ကူပါချေ၊ အရည်အသွေးမီမီ အဆင့်တန်းမြင့်မြင့် အစိုးရယန္တရားမျိုး ဖြစ်ရန်မှာမူ အလွန့်အလွန် မလွယ်ကူပါပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်တွင် ဦးဆောင်မောင်းနှင်နိုင်သော အရည်အချင်းများရှိသည်ဟု ပြည်သူအများစုက ယုံကြည်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်စီမံခန့်ခွဲမည့် တစ်ခေတ်တွင် မြန်မာသည် ပြန်လည် ခေါင်းထောင်နိုင်ကောင်းသည်ဟု ယုံကြည်ထားကြသည်။

ယုံကြည်မှုသည် အောင်မြင်မှု၏ ပထမခြေလှမ်းဖြစ်သည်။ အစကောင်းလျှင် အနှောင်းသေချာသည်။ ပထမခြေလှမ်းပြီးနောက် ဆက်လှမ်းမည့် ခြေလှမ်းများသည် လမ်းမှန်ကမ်းမှန် ဖြစ်ခဲ့မည်ဆိုလျှင် မြန်မာပြည်သူများ လိုချင်မက်မောနေသည့် ဒီမိုကရေစီအောင်ပန်းကို ဆွတ်ခူးနိုင်ကြမည်ဖြစ်သည်။ ခြေလှမ်းများသည် တစ်လှမ်းလှမ်းတိုင်း ခက်ခဲပါမည်၊ ပင်ပန်းပါမည်၊ ဆင်းရဲပါမည်၊ အခုအခံ၊ အတားအဆီး၊ အပိတ်အဆို့များကလည်း အပြောင်းအလဲကာလ ထုံးစံအတိုင်း ရှိနေပါလိမ့်ဦးမည်။ သို့တိုင် မခိုးသည့် ဘဏ္ဍာစိုးမျိုးကို ရခဲ့မည်ဆိုလျှင် မြန်မာသည် တအားတက်ပြီဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags