အပြောမစောကြစေလိုပါ။ (ဆောင်းပါး)

အပြောမစောကြစေလိုပါ။ (ဆောင်းပါး)

ဩဂုတ် ၈

အင်္ဂလိပ်ဘာသာစကားမှာ speak too soon ဆိုတဲ့ အသုံးအနှုန်းရှိတယ်။ မြန်မာလိုဘာသာပြန်ရရင်တော့ အပြောစောလွန်းတယ်ပေါ့။ ပြောလိုက်ပြီး ဖြစ်မလာတော့ မကောင်းဘူးပေါ့။ ၂၀၁၅-၁၆ ဘောလုံးရာသီ တုန်းက အင်္ဂလိပ်ပရီးမီးယားလိဂ်မှာ လက်စတာစီတီး ဖလားရသွားခဲ့ဖူးတယ်။ ဘယ်သူမှ မထင်ထားခဲ့ဘူး။ အာဆင်နယ်ပရိသတ်တယောက်က ရာသီအစက ခပ်လွယ်လွယ်ပြောခဲ့ဖူးတယ်။ ဘောလုံးရာသီအကုန်မှာ လက်စတာစီတီးချန်ပီယံဖြစ်နိုင်တယ်ဆိုပြီး လောင်းကြေးထပ်တဲ့ လက်စတာပရိသတ်တယောက်ရဲ့ လောင်း ကြေးဖြတ်ပိုင်းမှာ ဝက်တွေမိုးပေါ်ပျံတဲ့အခါကျရင်လို့ နောက်ပြောင်ပြီး ရေးခဲ့ဖူးတယ်။ နှစ်လဲကုန်ရော လက် စတာစီတီးက ချန်ပီယံဖြစ်ပြီး အာဆင်နယ်ကတော့ ဆယ်မှတ်ပြတ်ပြီး ဒုတိယနေရာနဲ့ ကျေနပ်လိုက်ရ တယ်။ အဲနောက်ပိုင်းမှာ လက်စတာက ချန်ပီယံထပ်မဖြစ်တော့ပေမယ့် ပရီးမီးယားလိဂ်ကို ဝင်လိုက်၊ တန်း ပြန်ဆင်းသွားလိုက်ရတဲ့ဘ၀ကနေ ပရီးမီးယားလိဂ်မှာ ပုံမှန်စွဲစွဲမြဲမြဲ ရှိနေခဲ့တယ်။ တခါတလေကျရင်တော့ ထိပ်နားတောင် ရောက်လာသေးတယ်။ ဝက်တွေမိုးပေါ်ပျံရင်ဆိုပြီး သူများကို ကဲ့ရဲ့ခဲ့တဲ့ အာဆင်နယ်က တော့ အဲကတည်းက ကျပြီးရင်း ကျလာလိုက်တာ အခုဆို ထိပ်ဆုံးလေးသင်းထဲမှာ မပါတော့ဘူး။ 

ဘောလုံးပွဲကြိုက်တော့ နောက်ထပ်ဘောလုံးဥပမာတခု ပေးလိုက်ဦးမယ်။ အီတလီနိုင်ငံ၊ ဗီရိုနာမြို့မှာ မြို့ခံပြိုင်ဖက် ဘောလုံးအသင်းနှစ်သင်းရှိတယ်။ တသင်းက ဗီရိုနာ လို့ လူသိများပြီး နောက်တသင်းက ခီယေဗိုဗီရိုနာလို့ သိကြတယ်။ ဗီရိုနာက ပိုကြီးတဲ့အသင်း။ သူက စီးရီအေမှာ ကစားရတာ များတယ်။ ခီ ယေဗိုကတော့ အဲလောက် နာမည်မကြီးဘူး။ အောက်တန်းလိဂ်တွေမှာ ကစားရတယ်။ အသင်းကြီး ဗီရိုနာ က အသင်းလေး ခီယေဗိုကို မြည်းတွေ မိုးပေါ်ပျံတဲ့အချိန်ကျရင်တော့ မင်းတို့ စီးရီးအေရောက်လိမ့်မယ်လို့ နှိမ့်ချလှောင်ပြောင်ခဲ့ဖူးတယ်။ ၂၀၀၁ ကျတော့ ခီယေဗိုက စီးရီးအေရောက်လာတယ်။ ရောက်လာတော့လဲ လူတော်တော်များများက ရာသီကုန်ရင် တန်းပြန်ဆင်းသွားရလိမ့်မယ်လို့ တွက်ထားကြတယ်။ ရာသီလဲ ကုန်ရော သူက စီးရီအေမှာ ကျန်ခဲ့ပြီး ဗီရိုးနာက တန်းဆင်းသွားခဲ့ရတယ်။ အသင်းလေး ခီယေဗိုအတွက်က တော့ တသက်တာအမှတ်တရပေါ့။ အသင်းကြီး ဗီရိုနာအတွက်ကတော့ အရှက်ရစရာ ဖြစ်သွားခဲ့တယ်။ 

ပြောမိစကား၊ မပြောခင် စဉ်းစားတဲ့။ မြန်မာနိုင်ငံက စစ်ကောင်စီလိုလားသူ ကိုယ့်ကိုယ်ကိုပညာရှင်လို့ သတ် မှတ်သူတဦးကတော့ အမျိုး၊ ဘာသာ၊ သာသနာစိတ်လွန်ကဲစွာနဲ့ အင်ဒိုနီးရှားမှာ ဆူနာမီဖြစ်ပြီး လူတွေ သေ ကြေပျက်စီးဒုက္ခရောက်ခဲ့ကြတုန်းက မြန်မာပြည်မှာတော့ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်လို့ အဲလို ဘေးဆိုးကပ်ဆိုးတွေနဲ့ မကြုံရဘူးလို့ ပြောခဲ့ဖူးတယ်။ သိပ်မကြာပါဘူး။ မြန်မာပြည်မှာ နာဂစ်ဖြစ်ပါလေ‌ ရော။ သူများဘေးဒုက္ခဖြစ်တာကို ညှာတာထောက်ထားစိတ်ရှိရမယ့်အစား အဲအချိန်က ကိုယ်နဲ့ဆိုင်တဲ့ ဘာသာတရားကို အမွှန်းတင်ဖို့ အကွက်ပဲဆိုပြီး ရှေ့မကြည့်၊ နောက်မကြည့်ပြောချလိုက်တော့ မြန်မာပြည် လဲ နာဂစ်တိုက်ခံရရော ဘာသံမှ မထွက်တော့ဘူး။ 

အခုဆို ကမ္ဘာအနှံ့ကိုဗစ်ဒဏ်ခံနေရတယ်။ စဖြစ်ဖြစ်ချင်း ၂၀၂၀ နှစ်စတုန်းကတော့ ကိုဗစ်က အအေးပိုင်းနိုင် ငံတွေမှာ ဖြစ်တာ၊ အပူပိုင်းဒေသတွေမှာ ရာသီဥတု ပူလွန်းတော့ ကိုဗစ်မနေနိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ အဲ တုန်းက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ရာသီဥတု နည်းနည်းပူလာပြီး နွေရောက်လာတာနဲ့ ကိုဗစ်အလိုလို ပျောက်သွားမယ်ဆိုပြီး ပြောခဲ့သေးတယ်။ နွေသာရောက်လာတယ်။ မပျောက်သွားခဲ့ဘူး။ ပို တောင် ဆိုးလာသေးတယ်။ အခုဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်အဖြစ်ဆုံးနေရာက မြန်မာပြည်နဲ့ ရာသီဥတုအတော်ကိုတူတဲ့ ဖလော်ရီဒါပြည်နယ် ဖြစ်နေတယ်။ ဒုတိယအဖြစ်အများဆုံးဆိုတဲ့ တက်ဆက်က လဲ ပူလိုက်တာမှ ယောနယ်၊ စောနယ်အတိုင်းပဲ။ နိုင်ငံတကာက သိပ်မသိပေမယ့် အိန္ဒိယကလွဲလို့ ကမ္ဘာပေါ် မှာ အခုလောလောဆယ်အချိန်မှာ ကိုဗစ်ကူးစက်မှု အဆိုးဆုံးဖြစ်နေတယ်လို့ ပြောလို့ရတဲ့ မြန်မာပြည်ဆိုလဲ အပူပိုင်းဒေသပဲ။ သေချာမလေ့လာ၊ မစူးစမ်း၊ အချိန်နည်းနည်းမစောင့်ဘဲနဲ့ မိုးပြော၊ ချိုးပြောစွတ်စွတ်ပြော ခဲ့တာတွေက အခုကျ မဟုတ်ပြန်ဘူး။ 

နိုင်ငံတကာနှစ်ကူးပြီး သိပ်မကြာလိုက်ဘူး။ မြန်မာပြည်မှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အရပ်သား အစိုးရကို စစ်တပ်က အာဏာသိမ်းပစ်လိုက်တယ်။ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ရလဒ်ကို ငါမနိုင်ရင် ငါကတော့ လက်နက်အားကိုးနဲ့ အာဏာသိမ်းပစ်မယ်ဆိုတဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို ပြည်သူတွေက ဆန့်ကျင်ကြတယ်။ မတရားအာဏာသိမ်းပစ်တဲ့ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတာ မမှားတဲ့လုပ်ရပ်ပါ။ ဒါပေမယ့် ဆန့်ကျင်ရင်းနဲ့ တချို့လူတွေက စိတ်ခံစားချက်တွေ အတော်ကိုပြင်းထန်လာကြပြီး ဘယ်နေ့ဆို အောင်ပွဲခံပါပြီ။ ဒီဒေးကို ရောက်ပါပြီဆိုပြီး ဇွတ်ကြွေးကြော်ခဲ့ကြတာတွေကို မှတ်မိတယ်။ သူတို့လဲ ကိုဗစ် က နွေရောက်ရင် ပျောက်ပါပြီလို့ ပြောခဲ့ကြသူတွေနဲ့ သိပ်မကွာလှဘူး။ စိတ်ထဲခံစားရသလို သိပ်မစဉ်းစား ဘဲနဲ့ ပြောပစ်တာ။ နိုင်ငံတကာနှစ်ကူးအပြီးမှာ အာဏာသိမ်းပြီး နိုင်ငံကို သေနတ်နဲ့ အနိုင်ကျင့်အုပ်ချုပ်နေ တဲ့ စစ်တပ်က တရုတ်နှစ်ကူးပြီးတော့လဲ အာဏာဆက်ရှိနေတုန်းပဲ။ မွတ်စလင်နှစ်သစ်ကူး၊ ကရင်နှစ်သစ် ကူး၊ မြန်မာနှစ်သစ်ကူးတွေ ပြီးတော့လဲ တိုင်းပြည်ကို ဆက်နှိပ်စက်နေတုန်းပဲဆိုတော့ ဒီဒေးက ဘယ်တော့ ရောက်မယ်၊ အောင်ပွဲက ဘယ်တော့ခံရမယ်ဆိုတဲ့အပြောတွေကို အလုပ်တွေနဲ့ အစားထိုးလိုက်ပြီး သိုသို သိပ်သိပ် လုပ်ကြရင် ပိုကောင်းမလားလို့ တွေးမိတယ်။ 

အဲတုန်းကတော့ စိတ်ခံစားချက်တွေက အရှိန်မြင့်နေတယ်။ စစ်အာဏာရှင်အုပ်ချုပ်တာ ဆန့်ကျင်ပါ၊ ဆရာဝန်တွေတော့ ဆေးရုံသွားကြပါ၊ အထူးသဖြင့် အရေးပေါ်ဋ္ဌာနတွေမှာ ဆရာဝန်တွေ မရှိရင် စစ်ကောင်စီ ဒုက္ခမရောက်ဘူး၊ လူထုပဲ အထိနာမှာလို့ ပြောတုန်းက ကလော်တုတ်ခံလိုက်ရသေးတယ်။  အဲတုန်းကတော့ ရောဂါဖြစ်ပြီး ဆေးရုံမှာ ကုမယ့်ဆရာဝန်မရှိလို့ သေချင်သေသွားပစေ၊ ဆရာဝန်တွေ ဆေးရုံမသွားဘဲ သပိတ်မှောက်တာကို ထောက် ခံတယ်လို့ ပြောခဲ့ကြတယ်။ ရောဂါက တကယ်မဖြစ်ခဲ့သေးဘူးဆိုတော့လဲ ပြောနိုင်ခဲ့ကြတာပေါ့။ အဲတုန်း က အိန္ဒိယက သူ့ဖက်ပါအောင်လို့ လာလှုထားတဲ့ ကာကွယ်ဆေးတွေကို စစ်ကောင်စီလက်ထက်မှာ ဆက်ထိုး ပေးတာတွေကိုလဲ အကြီးအကျယ်ဆန့်ကျင်ခဲ့ကြတယ်။ ဆေးသွားထိုးတဲ့လူကို‌ အရှက်ခွဲတယ်။ ဝိုင်းကျဉ် ကြတယ်။ မဖြစ်သေးခင်မှာ မကြောက်ခဲ့ကြဘူးပေါ့။ စစ်ကောင်စီကို ထောက်ခံတဲ့ တရုတ်ပြည်ကိုလဲ အကြီး အကျယ်ဆန့်ကျင်ကြတယ်။ တရုတ်ကုန်ပစ္စည်းတွေ သပိတ်မှောက်ရမယ်လို့ ဆော်ဩကြတယ်။ တရုတ်ကုန် ပစ္စည်းတွေကို သပိတ်မှောက်ဖို့ဆိုတာ အရမ်းခက်တယ်။ အနောက်နိုင်ငံတွေမှာ အင်္ကျီအဝတ်အစားက အစ၊ လျှပ်စစ်ပစ္စည်းကိရိယာတွေအထိကို တရုတ်ပြည်က သွင်းနေကြတယ်။ မွတ်စလင်တွေ ဘုရားဖူးသွားကြတဲ့ ဆော်ဒီအာရေးဘီးယားမှာ လက်ဆောင်ဝယ်ကြတဲ့ ပလီတက်တဲ့ ဦးထုပ်တွေ၊ စိတ်ပုတီးတွေက တရုတ်ပြည် မှာ ထုတ်တာ။ အိန္ဒိယမှာ အိမ်ဦးခန်းမှာ ထားပြီးကိုးကွယ်ကြတဲ့ ဟိန္ဒူဘုရားရုပ်တုအချို့ဆိုလဲ တရုတ်ပြည် က သွင်းလာတာ။ မြန်မာပြည်က ဝါရင့်သတင်းစာဆရာတယောက်ကတော့ နောက်တယ်။ တရုတ်ထုတ်ကုန် ဆန့်ကျင်ရေးဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တရုတ်ထုတ်စက်မှာ ရိုက်ရတာနော်တဲ့။ 

အခုတော့ ကိုဗစ်က မြန်မာတပြည်လုံးကို ရက်ရက်စက်စက်မွှေနေပြီ။ ဖေ့စ်ဘွတ်ခ်ကလဲ နာရေးကြော်ငြာ ဖြစ်သွားရတယ်။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ အမျိုးအဆွေတွေ ဆုံးပါးသွားခဲ့တာလဲ မနည်း ဘူး။ အသက်ရှုလို့မရဘူးဆိုတာ အင်မတန်ကို ခံနိုင်စရာမရှိတဲ့ ဒုက္ခဖြစ်တယ်။ အခုကိုဗစ်ဒဏ်ကို အလူးအ လဲ ခံနေရချိန်မှာ သူတို့အကူအညီမယူပါဘူးဆိုတဲ့ စစ်အစိုးရက သူတို့ကုန်တွေသပိတ်မှောက်ပါမယ်ဆိုတဲ့ တရုတ်ပြည်က ကာကွယ်ဆေးတွေကို ထိုးပေးနေချိန်မှာတော့ အပြေးအလွှားမဟုတ်တောင် အိန္ဒြေရေ လေးနဲ့တော့ သွားထိုးနေကြပါပြီ။ တခုခုဖြစ်လို့ရှိရင် ဆရာဝန်တွေရှိတဲ့ ဆေးရုံတွေကို ပြေးနေရပြီ။ 

အပြစ်တင်နေတာ မဟုတ်ဘူး။ တခုခုဆို စိတ်လိုလက်ရ ဖီးတက်ရင်တက်သလို လွှတ်ခနဲ စွတ်ပြောတဲ့ စိတ်တွေကို ပြင်ကြဖို့ တိုက်တွန်းချင်တာပါ။ ဆေးသွားထိုးကြတာကို မဆန့်ကျင်ဘူး။ ဆေးသွားထိုးကြမှ ကိုဗစ်ကို ကာကွယ်နိုင်မှာ။ အသက်ရှင်နေမှ စစ်ကောင်စီကို ဆက်ဆန့်ကျင်နိုင်မှာ။ သွားသာ ထိုးကြပါ။ သပိတ်မှောက်ကြပါလို့ တောက်လျှောက်ကြွေးကြော်တောင်းဆိုခဲ့တဲ့ တရုတ်ပြည်က အရည်အသွေး အားနည်းလှတဲ့ ကာကွယ်ဆေးတွေကို အကူအညီဘာမှ လာမပေးနဲ့၊ လက်မခံဘူးဆိုပြီး တခဲနက် ဆန့်ကျင်ခဲ့တဲ့စစ်အာဏာရှင်ရဲ့ စီမံမှုအောက်မှာ သွားထိုးနေကြရတာကိုတော့ စိတ်မကောင်းမိဘူး။ ဒါပေမယ့် လူတွေမှာလဲ ရွေးစရာမရှိပြန်ဘူး။ မိအေးနှစ်ခါနာ ဆိုပေမယ့် မိအေးအသက်ရှင်ဖို့က အရေးကြီးနေပြန်တယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly