မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်ရလိုဟု အာဆီယံအထူးသံတမန် ပြော

မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်ရလိုဟု အာဆီယံအထူးသံတမန် ပြော

ဩဂုတ် ၈

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် အာဆီယံ၏ ခန့်အပ်ခြင်းကို ခံထားရသည့် ဘရူနိုင်း ဒုနိုင်ငံခြားရေး၀န်ကြီး အာရီ၀မ်ယူဆွတ်ဖ်က ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ မြန်မာ့နိုင်ငံရေး၏ သက်ဆိုင်သူအားလုံးနှင့် အပြည့်အ၀ တွေ့ဆုံခွင့် ရရှိလိုဟု သြဂုတ် ၇ ရက်က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီးနောက် အာရီ၀မ်က ပြောကြားခဲ့ရာတွင် ၎င်းသည် မြန်မာနိုင်ငံ ခရီးစဥ် သွားရောက်ရန် စီစဥ်နေကြောင်း ပြောခဲ့သော်လည်း အဆိုပါ ခရီးစဥ် သွားမည့် နေ့ရက်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပေ။

အာဆီယံ အထူးသံတမန် အာရီ၀မ်သည် စစ်အာဏာသိမ်းမှု ဖြစ်ထားသည့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများကို ကြီးကြပ်ဆောင်ရွက်ရန်၊ အကြမ်းဖက်မှုများ ရပ်ဆိုင်းစေရန်၊ အာဏာသိမ်းစစ်အုပ်စုနှင့် အတိုက်အခံများအကြား ဆွေးနွေးမှုလမ်းကြောင်း ဖွင့်ပေးရန် စသည့် လုပ်ငန်းတာ၀န်များကို ဆောင်ရွက်ရမည်ဖြစ်သည်။

“မြန်မာပြည် ခရီးစဥ်အတွက် စီစဥ်နေပါတယ်၊ ကျွန်တော်တို့ လုပ်ဖို့ လိုတာက ပြီးခဲ့တဲ့ ဇွန်လက သွားထားခဲ့တဲ့ ခရီးစဥ်လိုမျိုး မဟုတ်ဘဲ ခုတစ်ခေါက် အာဆီယံအထူးသံတမန်အဖြစ် အဲဒီကို သွားတဲ့အခါမှာ ကောင်းကောင်းပြင်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်” ဟု ဘရူနိုင်း ဒုနိုင်ငံခြားရေး၀န်ကြီးက ဘန်ဒါ ဆရီ ဘဂါ၀မ် မြို့တွင် သတင်းထောက်များကို ပြောသွားခဲ့သည်။

၎င်းအနေဖြင့်  ရှေ့လာမည့် မြန်မာနိုင်ငံ ခရီးစဥ်အတွင်း ပိုမို ထိရောက်သည့် ဆွေးနွေးမှုတစ်ခု လုပ်ဆောင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်သူ အားလုံးနှင့်အကြား အပြည့်အ၀ တွေ့ဆုံ ရရန် အင်မတန် အရေးကြီးကြောင်း အာရီ၀မ်က ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းယူပြီးနောက် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ၊ CDM လှုပ်ရှားမှုများ ဖြစ်ပေါ်နေခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုဘက်ကလည်း အကြမ်းဖက် လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required