ထိုင်းမှာ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရာဘာကျည် သုံးပြီး ဖြိုခွင်း

ထိုင်းမှာ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရာဘာကျည် သုံးပြီး ဖြိုခွင်း
Photo - AFP

ဩဂုတ် ၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယမန်နေ့ သြဂုတ် ၇ ရက်က  ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး နိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဖို့၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံမှု ပရိုဂရမ်ကို အပြောင်းအလဲ လုပ်ဖို့ တောင်းဆိုခဲ့ရာမှာ ရဲတွေက ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ နိုင်ငံမှာ အဆိုးရွားဆုံး ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရချိန် ထုတ်ပြန်ထားတဲ့ အများပြည်သူ စုဝေးမှုဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်တွေကို ဖီဆန်ရင်း ဘန်ကောက်မြို့မှာ စုဝေးကာ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ရေး တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေးထိုးမှု ပရိုဂရမ်မှာ နှေးကွေးလေးလံနေမှုအပေါ် ထိုင်းအစိုးရဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန် ဆန္ဒပြသူတွေက နိုင်ငံမှာ တရုတ်ရဲ့ ဆိုင်နိုဗက် ကာကွယ်ဆေးထက် ဖိုက်ဇာ နဲ့ မိုဒါးနားလိုမျိုး mRNA ကာကွယ်ဆေးတွေ စတင် အသုံးပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။

ယမန်နေ့က ဆန္ဒပြသူ အင်အား ၅၀၀ ခန့် ရှိခဲ့ရာမှာ ရဲတွေက အင်အားပိုများနေခဲ့ပြီး စုဝေးဆန္ဒပြမှုတွေကို ကိုင်တွယ်ဖို့ ရဲအင်အား ၆,၀၀၀ နီးပါး တပ်ဖြန့်ဖို့ စီစဉ်ထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၆ ရက်က ပြောခဲ့ပါတယ်။

“လက်ရှိ အခြေအနေအပေါ်မှာ စိုးရိမ်မိပါတယ်၊ ပြင်းထန်တဲ့ ကိုဗစ် ကူးစက်မှုတွေ ရှိနေပေမယ့် ဆက်ပြီးတော့ တိုက်ပွဲဝင်သွားရမှာပါပဲ” လို့ အသက် ၂၇ နှစ်ရှိ နက် အမည်ရ ဆန္ဒပြသူတစ်ဦးက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

လူငယ်ထု ဦးဆောင်ပြီး ဒီမိုကရေစီ လိုလားတဲ့ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုဟာ ယင်းနိုင်ငံမှာ ယမန်နှစ်က ထွက်ပေါ်ထားခဲ့ပြီး ယင်းလှုပ်ရှားမှုရဲ့ အားအကောင်းဆုံး အချိန်မျိုးမှာ ဘန်ကောက်က စုဝေးဆန္ဒပြပွဲတွေမှာ လူသောင်းချီ ပါဝင်နိုင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုနဲ့အတူ အာဏာရထားခဲ့တဲ့ စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ် ပရာယွတ် ရာထူးကနေ နုတ်ထွက်စေဖို့ တောင်းဆိုနေခဲ့ကြသလို စစ်တပ် ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း အပြောင်းအလဲ လုပ်ဖို့ တောင်းဆိုနေခဲ့ကြပါတယ်။

ဒါ့အပြင် ကမ္ဘာ့ အပြင်းထန်ဆုံး တော်ဝင် အသရေဖျက်မှုဆိုင်ရာ ဥပဒေတစ်ချို့နဲ့ အကာအကွယ်ပေးထားတဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ကိုပါ ဆန္ဒပြသူတွေက တောင်းဆိုထားခဲ့ကြပါတယ်။

ဒါပေမယ့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု၊ အဓိက ဆန္ဒပြခေါင်းဆောင်တွေ အဖမ်းခံရမှုတို့ကြောင့် ဆန္ဒပြလှုပ်ရှားမှုတွေဟာ ယခုနှစ်ထဲမှာ မှေးမှိန်နေခဲ့ပြီး ၂၀၂၀ ခုနှစ်ကလိုမျိုး အရှိန်မျိုး ပြန်ရဖို့ ကြိုးပမ်းထားခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly