We Love Pathein၏ အောက်ဆီဂျင်စက်မှ ရက်ပိုင်းအတွင်း အောက်ဆီဂျင် ပေးဝေနိုင်တော့မည်

We Love Pathein၏ အောက်ဆီဂျင်စက်မှ ရက်ပိုင်းအတွင်း အောက်ဆီဂျင် ပေးဝေနိုင်တော့မည်

ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အခြေစိုက် We Love Pathein လူထုအခြေပြုကူညီ ကယ်ဆယ်ရေးအသင်းက ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှ ယခုရက်ပိုင်းအတွင်း အောက်ဆီဂျင် စတင်ပေးဝေနိုင်မည်ဟု အသင်းတာဝန်ရှိသူများထံက သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုရေးအသင်းအဖွဲ့များက ဝယ်ယူထားသည့် အောက်ဆီဂျင်ထုတ်စက်များအနက် အစောဆုံးအဖြစ် We Love Pathein လူထုအခြေပြုကူညီကယ်ဆယ်ရေးအသင်း၏ အောက်ဆီဂျင်စက်သည် ယနေ့ ( ဩဂုတ် ၇ရက်) နံနက် ၁နာရီခန့်တွင် ပုသိမ်မြို့ကို ရောက်ရှိလာခြင်း ဖြစ်သည်။

“ အများပြည်သူလှူဒါန်းမှုနဲ့ ဝယ်ယူထားတာပါ၊ စက်က တစ်နေ့ကို 40Lအိုး ၁၃၀လုံး ထုတ်နိုင်တယ်၊ ကျွန်တော်တို့ကတော့ ၁၀၀လောက်ပဲ ပျှမ်းမျှထုတ်ဖို့ ရည်ရွယ်ထားတယ်၊ ပုသိမ်မြို့ပေါ်က treatment center တွေဖြစ်တဲ့ ဆေးရုံတွေ၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ပြည်သူ‌ကို အမှန်တကယ်ကူညီပေးဖို့ အောက်ဆီဂျင်ဖြန့်ဝေပေးနေတဲ့ ပရဟိတအသင်းတွေ၊ နေအိမ်တွေက ကိုဗစ်လူနာတွေ၊ တခြားမြို့နယ်တွေက ဆေးရုံတွေကို ဖြန့်ဝေမှာပါ၊ ပုသိမ်မြို့သူ မြို့သား ဘယ်သူကိုမဆို အရင်ဆုံးဦးစားပေး ဖြန့်ဝေသွားပါမယ်”လို့ We Love Pathein အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင် လူမှုရေးအသင်းအဖွဲ့ များစုပေါင်းကာ ဝယ်ယူထားသည့် အောက်ဆီဂျင်စက်နှစ်လုံးရှိပြီး We Love Pathein၏ အောက်ဆီဂျင်စက်မှာ ပုသိမ်မြို့ သို့အရင်ဦးဆုံး ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly