ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရန် အာဏာသိမ်းစစ်တပ်ကို ဂျပန် တိုက်တွန်း

ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရန် အာဏာသိမ်းစစ်တပ်ကို ဂျပန် တိုက်တွန်း
Photo - AFP

ဩဂုတ် ၇

ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ရန်နှင့် နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန်အတွက် မြန်မာအာဏာသိမ်းစစ်တပ်ကို ဂျပန်နိုင်ငံက သြဂုတ် ၆ ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့သည်။

မြန်မာစစ်တပ် ခန့်အပ်သည့် ကိုယ်စားလှယ်တစ်ဦး ပါဝင်တက်ရောက်ခဲ့သည့် မဲခေါင်မြစ်တစ်လျှောက်ရှိ အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့်အကြား အစည်းအဝေးတစ်ခုတွင် ဂျပန်က အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“သက်ဆိုင်သူ အားလုံးအကြား ညှိနှိုင်းဆွေးနွေးဖို့ကို ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂီက တောင်းဆိုခဲ့ပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံဘက်က အပြုသဘောဆောင် တုံ့ပြန်မှုတစ်ခု ထွက်ရှိဖို့အတွက်လည်း အခိုင်အမာ မျှော်လင့်ထားကြောင်း ထုတ်ဖော်ခဲ့ပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်ကို ကိုးကားပြီး Kyodo News က ဖော်ပြသည်။

အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရေး အပါအဝင် မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မည့် အာဆီယံ၏ အစီအစဉ်ကိုလည်း ဂျပန်ဘက်က ထောက်ခံကြောင်း မိုတဲဂီက ပြောခဲ့သည်ဟု သိရသည်။

အဆိုပါ ဂျပန်-မဲခေါင် အစည်းအဝေးတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ခဲ့ကြောင်း Kyodo News က ဖော်ပြသည်။

အစောပိုင်းကလည်း အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အပေါ် မြန်မာစစ်တပ်ဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးအတွက် မြန်မြန်သွက်သွက် လုပ်ကြရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ  ဘလင်ကန်က အာဆီယံနိုင်ငံများကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly