မအူပင်မြို့ ဗလီ ၂ ခုတွင် Oximeter အလုံးရေ ၁,၀၀၀ နီးပါးကို မူရင်းဈေးအတိုင်း ရောင်းချပေး

မအူပင်မြို့ ဗလီ ၂ ခုတွင် Oximeter အလုံးရေ ၁,၀၀၀ နီးပါးကို မူရင်းဈေးအတိုင်း ရောင်းချပေး

ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ ဗလီ နှစ်ခုတွင် အောက်စီဂျင်တိုင်းကိရိယာ ( Oximeter ) တစ်လုံးကို ကျပ်ငွေ ၆,၀၀၀ဖြင့် အမြတ်မယူဘဲ ရောင်းချပေးနေကြောင်း သိရသည်။

မအူပင်မြို့ ရေလဲလမ်း မီးပွိုင့်ထိပ်ရှိ ဘန်ဂါလီစွန္နီဂျာမေဗလီနှင့်  ၃လမ်းနှင့်တေဇလမ်းထိပ်ရှိ ဂျာမေဗလီတို့တွင် ဩဂုတ် ၄ ရက်က  စတင်ရောင်းချပေးခဲ့ပြီး ယနေ့ ( ဩဂုတ် ၆ ရက်)အထိ Oximeter အလုံးရေ ၁၀၀၀ နီးပါးကို ရောင်းချပေးခဲ့ပြီးဖြစ်သည်။

“Oximeter ဈေးကသောင်းကျော်တွေကြီးပဲလေ ။  ကျွန်တော်တို့ နယ်မြို့မှာကလည်း မရှိဆင်းရဲသားတွေ များတယ်။ သူတို့အတွက် အဓိက ရောင်းပေးတာပါ။ မအူပင်မြို့ပေါ်တင်မဟုတ်ဘဲ တစ်ခြားနယ်တွေကလည်း လာဝယ်ကြတယ်” ဟု ရောင်းချပေးနေသည့်အဖွဲ့မှ ကိုနေမျိုးဦးက ပြောသည်။

တစ်ချို့နေရာများတွင် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး ဈေးတင်ရောင်းချခြင်းများ ရှိနေသည့်အတွက် မည်သူမဆို မူရင်းဈေးနှုန်းအတိုင်း ၀ယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးထားကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့၊ဒေါပုံမြို့နယ် နွယ်အေးစွန္နီဂျာမေဗလီ လူမှုကူညီရေးအသင်းထံက ဝယ်ယူခဲ့ရသည့် ဈေးနှုန်းအတိုင်း မအူပင်မြို့တွင် လာရောက်ဝယ်ယူသူတစ်ဦးကို တစ်ခုနှုန်းဖြင့် ပြန်လည်ရောင်းချပေးနေခြင်းဖြစ်သည်ဟုလည်း ကိုနေမျိုးဦးက ဆိုသည်။

COVID-19 တတိယလှိုင်းအတွင်း ကူးစက်သေဆုံးမှုများ မြင့်တက်လာချိန်တွင် လူနာများအတွက် အရေးပေါ်လိုအပ်သည့် Oximeter တစ်လုံးကို မူရင်းဈေးနှုန်းထက် ‌ (ကျပ်တစ်သောင်းခွဲနှင့်အထက် )ဈေးတင်ကာ ရောင်းချနေသည့်အတွက် လူမှုအဖွဲ့ အစည်းအချို့က ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလာကြခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly